Connect with us

Africa & Middle East

အီရတ်နိုင်ငံ မိုဆူးလ်အနီး အိုင်အက်စ် ထိန်းချုပ်ထားသည့် ရွာ ၉ ရွာအား ကာ့ဒ်တပ်ဖွဲ့ သိမ်းပိုက်

အီရတ် စစ်သားများနှင့် ကာ့ဒ်တပ်ဖွဲ့ဝင်များ၊ ဒဏ်ရာရရှိသူများအား တွေ့ရစဉ် (ဆင်ဟွာ)

မိုဆူးလ်၊ အီရတ်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မိုဆူးလ်မြို့ အရှေ့မြောက်ဘက်ရှိ အိုင်အက်စ်တို့ အဓိက ခြေကုတ်ယူထားသည့် နေရာရှိ ရွာ ၉ ရွာအား အီရတ် ကာ့ဒ် လုံခြုံရေး တပ်ဖွဲ့က သြဂုတ်လ ၁၄ ရက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကာ့ဒ် လုံခြုံရေး သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

အိုင်အက်စ် တည်နေရာများအား အမြောက် ပစ်ခတ်ခြင်းနှင့် အမေရိကန် ဦးဆောင်သည့် လေကြောင်း တိုက် ခိုက်မှုများ ပြင်းထန်စွာ ပြုလုပ်ခဲ့ပြီးနောက် အရုဏ်ဦးအချိန်၌ ကာ့ဒ် စစ်သားများသည် မိုဆူးလ်မြို့ အရှေ့ မြောက်ပိုင်းရှိ ကျေးရွာများတွင် ပြောက်ကျား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အမည်မဖော်လိုသူ မျက်မြင်သက်သေ တစ်ဦးက ပြောသည်။
အိုင်အက်စ်များဘက်ကလည်း မော်တာတပ် အမြောက်များ၊ စက်သေနတ်များ၊ လမ်းဘေး ဗုံးဖောက်ခွဲမှုများနှင့် ကားဗုံးဖောက်ခွဲမှုများ ပြုလုပ်ခြင်းဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
သို့သော် ကျေးရွာများ၌ တိုက်ပွဲများ ဖြစ်ပွားနေခဲ့သော်လည်း ကာ့ဒ် တိုက်ခိုက်ရေးသမားများသည် သံချပ်ကာ ယာဉ်များဖြင့် အနည်းဆုံး ရွာ ၉ ရွာသို့ ဝင်ရောက်ရန် စီစဉ်ခဲ့ဖြစ်ကြောင်း၊ အဆိုပါ တိုက်ပွဲ၌ အိုင်အက်စ် ၄၇ ဦးနှင့် ကာ့ဒ် တိုက်ခိုက်ရေးသမား ၄ ဦး သေဆုံးခဲ့ပြီး အခြားလူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မိုဆူးလ်မြို့ အနီးဝန်းကျင် နေရာများအား အိုင်အက်စ်တို့ လက်မှ ပြန်လည်ရရှိနိုင်ရန် အီရတ်စစ်တပ်နှင့် ကာ့ဒ် တိုက်ခိုက်ရေးသမားတို့ ပူးပေါင်း တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
မိုဆူးလ်မြို့သည် အီရတ်နိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လကစ၍ အိုင်အက်စ် ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.