Connect with us

Africa & Middle East

ဇင်ဘာဘွေ နိုင်ငံ တွင် အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ရေးဘေးဒုက္ခ ဖြစ်ပွားခဲ့ပြီး လက်ရှိချိန်တွင် လူပေါင်း ၂၄၆ ဦးသေဆုံးခဲ့ရ

ဇင်ဘာဘွေ နိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် ရေဘေး ဒုက္ခ ကြောင့် ပြိုလဲ ခဲ့သည့် အဆောက်အဦ အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဟာရာရီ(Harare) ၊ မတ် ၃ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေ နိုင်ငံအတွင်း အဆက်မပြတ် မိုးရွာသွန်းမှု ဖြစ်ပွားခဲ့သောကြောင့် ဒေသ အသီးသီး တွင် ရေဘေးဒုက္ခ ရင်ဆိုင်ကြုံတွေ့ ခဲ့ရပြီး လက်ရှိချိန်အထိ လူပေါင်း ၂၄၆ ဦးသေဆုံးခဲ့ကာ ၂၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း ကို မတ်လ ၂ ရက်နေ့တွင် အစိုးရ အရာရှိ တစ်ဦးက ထုတ်ပြန် ကြေညာ ခဲ့သည်။

ဇင်ဘာဘွေ နိုင်ငံ ဒေသဆိုင်ရာ အစိုးရ ဝန်ကြီး တစ်ဦးဖြစ်သူ Saviour Kasukuwer က ၂၀၁၆ ခုနှစ် နိုဝင်ဘာလ မှ စတင်ခဲ့သည့် မိုးရာသီ အချိန်ကာလ တွင် မိုးရွာသွန်းမှု သည် ယခင်နှစ်များထက် များစွာကျော်လွန် ခဲ့ပြီး ဇင်ဘာဘွေ နိုင်ငံ အတွင်းရှိ ၈၅ ရာခိုင်နှုန်းသော ဆည်များသည် စိုးရိမ်ရေမှတ် ကို ကျော်လွန်ခဲ့ကြောင်း ၊ အချို့သော ဆည်များတွင် ရေထိန်းသိမ်း နိုင်ခြင်းမရှိတော့သဖြင့် ရေဘေးဒုက္ခ ဖြစ်ပွား စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

စာရင်းပြုစုချက်များအရ လက်ရှိချိန်ထိ ဇင်ဘာဘွေ တစ်နိုင်ငံလုံးအတိုင်းအတာ တွင် နေအိမ်ပေါင်း ၂၅၇၉ လုံး ၊ ကျောင်း ၇၄ ကျောင်း နှင့် ဆေးရုံ ၅ ရုံ တို့သည် ရေဘေးဒုက္ခကြောင့် ပြိုလဲသွား ခဲ့ရကြောင်း ၊ ရေဘေးဒုက္ခကြောင့် မွေးမြူရေး တိရိစ္ဆာန် အများအပြားသေဆုံးခဲ့ရပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဇင်ဘာဘွေ နိုင်ငံ တောင်ပိုင်းဒေသကို အမျိုးသားအဆင့် ဘေးဒုက္ခကျရောက်သည့် အခြေအနေ ဟု ကြေညာချက် ထုတ်ပြန် ခဲ့ကြောင်း သိရှိရသည်။

ဇင်ဘာဘွေ နိုင်ငံ သဘာဝပတ်ဝန်းကျင်ဌာန ဝန်ကြီး Oppah Muchinguri က ရေဘေးဒုက္ခကြောင့် နိုင်ငံတွင်းရှိ ရေအရင်းအမြစ်ဆိုင်ရာ အခြေခံအဆောက်အဦ များ ပျက်ဆီးခဲ့ရပြီး လက်ရှိချိန်တွင် လူပေါင်း ၁ သိန်းခန့် သန့်ရှင်းသောရေ မရရှိနိုင်ကြောင်း ၊ ပျက်ဆီးခဲ့သည့် အဆောက်အဦ များကို ပြင်ဆင်ရန် အတွက် အမေရိကန်ဒေါ်လာ ၁၂ သန်း လိုအပ်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရာသီဥတု ဆိုင်ရာ ပညာရှင်များက ဇင်ဘာဘွေ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် အဆက်မပြတ် မိုးရွာသွန်းမှု သည် လာနီညာ အခြေအနေကြောင့် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး မိုးရွာသွန်းမှု သည် မတ်လကုန်ပိုင်း အထိ ဆက်လက်ရွားသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ (Xinhua)