Connect with us

Asia

ခြောက်နိုင်ငံဆွေးနွေးပွဲပြန်တက်ရန် မြောက်ကိုးရီးယားအား ကမ္ဘောဒီးယားဝန်ကြီးချုပ်တိုက်တွန်း

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ်ဟွန်ဆန်(ဝဲ) နှင့် မြောက်ကိုးရီးယားသံအမတ် Jang Yun Gon(ယာ) တို့အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဖနွမ်းပင် ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒတ်ဟွန်ဆန်က ကိုးရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေးအတွက် မြောက်ကိုးရီးယားနိုင်ငံအနေဖြင့် ခြောက်နိုင်ငံဆွေးနွေးပွဲ ပြန်တက်ရန် သြဂုတ်လ ၁၂ ရက်တွင် တိုက်တွန်းပြောကြားလိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံအကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြောက်ကိုးရီးယားနိုင်ငံသံအမတ်အသစ် အဖြစ် ခန့်အပ်ခံရသည့် Jang Yun Gon သည် ၎င်း၏ သံအမတ်ခန့်အပ်လွှာအား ကမ္ဘောဒီးယားဝန်ကြီးချုပ်သို့ပေးအပ်စဉ် ဟွန်ဆန်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရအဆင့်မြင့်အရာရှိတစ်ဦးဖြစ်သည့် Kao Kim Hourn က ပြောသည်။
“ ဝန်ကြီးချုပ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အားလုံးကို လိုက်နာ အကောင်အထည်ဖော်ဖို့မြောက်ကိုးရီးယားကို ပြောခဲ့ပါတယ် ။ပြီးတော့ ကိုးရီးယားကျွန်းဆွယ်တည်ငြိမ်အေးချမ်းရေးအတွက် ခြောက်နိုင်ငံဆွေးနွေးပွဲပြန်စ ဖို့လည်း တိုက်တွန်းလိုက်ပါတယ်” ဟု Kao က သတင်းသမားများအားပြောကြားခဲ့သည်။
“ ကမ္ဘောဒီးယားနိုင်ငံဟာ ကိုးရီးယားကျွန်းဆွယ်တည်ငြိမ်အေးချမ်းရေးကို ရှု့မြင်လိုတဲ့အကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်” ဟု ၎င်းကဆက်ပြောသည်။ မြောက်ကိုးရီးယားနိုင်ငံ၏ နယူးကလီးယားအရေးနှင့်ပတ်သက်၍ ခြောက်နိုင်ငံဆွေးနွေးပွဲကို ၂ဝဝ၃ ခုနှစ် သြဂုတ်လတွင် စတင်ကျင်းပခဲ့ပြီး မြောက်ကိုးရီးယားနိုင်ငံသည် ၎င်းတို့၏ တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းက ကန့်ကွက်ရှုတ်ချခြင်းအပေါ် တုံ့ပြန်သည့် အနေဖြင့် ၂ဝဝ၉ ခုနှစ်ဧပြီလတွင် ဆွေးနွေးပွဲ စကားဝိုင်းမှ ထွက်ခွာခဲ့ကြောင်းသိရသည်။
ခြောက်နိုင်ငံဆွေးနွေးပွဲတွင် တိုက်ရိုက်ပါဝင်နေသည့်နိုင်ငံများမှာ တောင်ကိုးရီးယား ၊ မြောက်ကိုးရီးယား၊ တရုတ် ၊ ရုရှား ၊ အမေရိကန် နှင့် ဂျပန်နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.