Connect with us

Asia

မလေးရှားတွင် ခရစ္စမတ် အကြိုနေ့ ဘတ်စ်ကား တိမ်းမှောက်မှုတွင် လူ ၁၄ ဦး သေဆုံး၊ ဒဏ်ရာရရှိသူများအနက် မြန်မာနိုင်ငံသားများ ပါဝင်


ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ တောင်ပိုင်းတွင် ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်) နံနက် အစောပိုင်းက ခရီးသည်တင် ဘတ်စ်ကား တစ်စီး ကျောက်ကမ်းပါးစောက်အတွင်းသို့ ထိုးကျခဲ့ရာ ယာဉ်မောင်း အပါအဝင် လူ ၁၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၆ ဦး ရှိခဲ့ကြောင်း၊ ယင်းအနက် မြန်မာ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံသားများ ပါဝင်ကြောင်း မလေးရှား နိုင်ငံပိုင် သတင်းအေဂျင်စီ Bernama သတင်းအရ သိရသည်။

ဒေသစံတော်ချိန် နံနက် ၄း၀၀ နာရီ ဝန်းကျင်၌ ဂျိုဟာပြည်နယ် မြောက်-တောင် အမြန်လမ်းမကြီးပေါ်တွင် ဂျွန်ဟာ ဘာရူမှ ကွာလာလမ်ပူသို့ သွားနေသည့် ဘတ်စ်ကား တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်က လူပေါင်း ၃၇ ဦး သေဆုံးခဲ့သည့် Genting ကုန်းမြင့်ဒေသတွင် ဖြစ်ပွားခဲ့သည့် ယာဉ် တိမ်းမှောက်မှုပြီးနောက် အဆိုးဝါးဆုံးလည်း ဖြစ်သည်။သေဆုံးသူများအား မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုနိုင်ရန် စစ်ဆေးနေဆဲ ဖြစ်သည်။

ကျောက်ကမ်းပါးစောက်အတွင်းသို့ ပြုတ်ကျခဲ့သည့် ဘတ်စ်ကားမှ ဒဏ်ရာရ ခရီးသည်များအား ကယ်ဆယ်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

မော်တော်ယာဉ် လမ်းမမှ ချော်ကျရသည့် အကြောင်းရင်းအား သေချာစွာ မသိရှိရသေးကြောင်း၊ အစောပိုင်း စစ်ဆေးမှုများအရ လမ်း အခြေအနေမှာမူ ကောင်းမွန်လျက်ရှိကြောင်း ဂျိုဟာ မီးသတ်နှင့် ကယ်ဆယ်ရေး ဋ္ဌာန ဒုတိယ ညွှန်ကြားရေးမှူး Mohd Yusof Mohd Gunnos က ပြောကြားခဲ့သည်။မလေးရှားနိုင်ငံသား သန်းပေါင်းများစွာသည် ခရစ္စမတ် ပိတ်ရက် သုံးရက်အတွင်း နေအိမ် ပြန်ရန် အတွက်လည်းကောင်း၊ ခရီးသွားရန်အတွက်လည်းကောင်း အများစုက ကားကို အသုံးပြု၍ မြောက်-တောင် အမြန်လမ်းမကြီးအား အဓိက ဖြတ်သန်းကာ သွားလေ့ရှိသဖြင့် ယင်းလမ်းမကြီးမှာ ပြည့်ကျပ်နေလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.