Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ၏ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများနှင့် ခရီးသွားဧည့်သည်များက တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးထားဟု စီးပွားရေး ကျွမ်းကျင်သူများက သုံးသပ်

ကမ္ဘောဒီးယားနိုင်ငံ၏ လမ်းမပေါ်တွင် ပြေးဆွဲနေသော တရုတ်နိုင်ငံထုတ် Yutong ဘတ်စ်ကားအား တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများနှင့် ခရီးသွားဧည့်သည်များက ကမ္ဘောဒီးယားနိုင်ငံ၏လူမှု-စီးပွားရေး ဖွံံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ကြီးမားစွာ အထောက်အပံ့ဖြစ်စေကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေး အသိုက်အဝန်း ခေါင်းဆောင်များက သုံးသပ်ခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံအတွက် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) နှင့် ခရီးသွားလုပ်ငန်း နှစ်ခုလုံးအတွက် အကြီးဆုံး ရင်းမြစ်ကြီး ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကောင်စီ၏ အစီရင်ခံစာအရ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုသည် ၁၉၉၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၀.၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၄၃ ဘီလီယံ သို့မဟုတ် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၂၇ ရာခိုင်နှုန်း ဆွဲဆောင်ထားနိုင်ခဲ့သည်။

ခရီးသွားလုပ်ငန်းဘက်ကို ကြည့်ပါက ၂၀၁၇ ခုနှစ်က တရုတ်နိုင်ငံသား ခရီးသွားဧည့်သည် ၁ သန်း ဝင်ရောက်ခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးအတွင်းသို့ အမေရိကန်ဒေါ်လာ ၇၀၀ သန်းဝန်းကျင် ပံ့ပိုးပေးခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဋ္ဌာန သုန်ခွန် (Thong Khon) က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံအတွင်း လည်ပတ်နေသော တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်အဖွဲ့အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် မကြာသေးမီက ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ခြင်းသည် နှစ်နိုင်ငံအကြား ဆက်ဆံရေးများနှင့် ပူးပေါင်းဆောင်ရွက်မှု အထူးတလည် ကောင်းမွန်လာခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများနှင့် ခရီးသွားဧည့်သည်များ ဝင်ရောက်ရန် အဓိက တွန်းအားဖြစ်စေခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကုန်သည်ကြီးများအသင့် ဒုတိယဥက္ကဋ္ဌ Lim Heng က ဆိုသည်။

ထို့ပြင် ၎င်းက ဆက်၍ “တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ခရီးသွားဧည့်သည်တွေဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးမှာ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ပေးခဲ့တယ်။ ကမ္ဘောဒီးယားပြည်သူတွေအတွက် အလုပ်အကိုင် သိန်းပေါင်းများစွာလဲ ဖန်တီးပေးနိုင်ခဲ့တာပေါ့” ဟု ဆင်ဟွာသတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။

စိုက်ပျိုးရေး-စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း An Mady Group ၏ ဥက္ကဋ္ဌလည်းဖြစ်သူ Lim Heng က တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများက ကမ္ဘောဒီးယားနိုင်ငံရှိ အထည်ချုပ်နှင့် ဖိနပ်လုပ်ငန်း၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ ဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေး၊ စိုက်ပျိုးရေး-စက်မှုလုပ်ငန်း၊ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး အပါအဝင် နယ်ပယ်ပေါင်းစုံ၌ ရင်းနှီးမြှုပ်နှံကြသည်ဟု ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ချစ်ကြည်ရေးခရီး လာရောက်ခဲ့ခြင်းသည် နှစ်နိုင်ငံအကြား နိုင်ငံရေးနှင့် စီးပွားရေး ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမို ခိုင်မာလာစေခဲ့ကြောင်း ၎င်းက သုံးသပ်ခဲ့သည်။

အသင်းဝင် အိမ်ခြံမြေကုမ္ပဏီ ၉၇ ခုရှိသော ကမ္ဘောဒီးယားနိုင်ငံ ရာပြတ်နှင့် အိမ်ခြံမြေအကျိုးဆောင်များအသင်း၏ ဥက္ကဋ္ဌ Kim Heang က ပြောကြားရာတွင် တရုတ်နိုင်ငံသားများသည် ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်ခဲ့ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် နှစ်နိုင်ငံသည် “ညီအစ်ကိုတော်များ” ဖြစ်သလို ကမ္ဘောဒီးယားနိုင်ငံသား အမြောက်အမြားသည် တရုတ်နိုင်ငံ၌ ဆင်းသက်လာခဲ့ခြင်းကြောင့်ဟု ဆိုသည်။

“နှစ်နိုင်ငံ အစိုးရအကြား နီးကပ်စွာ ဆက်ဆံရေးက အင်မတန် အရေးပါတဲ့အတွက် ကမ္ဘောဒီးယားမှာ ရင်းနှီးမြှုပ်နှံရတာကို အလွန်နွေးထွေးမှုရှိတယ်လို့ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေက ခံစားကြရတယ်” ဟု Kim Heang က ၎င်း၏ ထင်မြင်ချက်အား ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံရှိ Khmer အိမ်ခြံမြေကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် တစ်ဦးလည်း ဖြစ်သူ Kim Heang က မကြာသေးမီ နှစ်များအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကဏ္ဍများ၌ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများစွာ ဝင်ရောက်လာခဲ့ကြောင်း အထူးသဖြင့် မြို့တော် ဖနွမ်းပင်နှင့် ကမ်းရိုးတန်းဒေသဖြစ်သော Preah Sihanouk ပြည်နယ်တွင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“တရုတ် ရင်းနှီးမြှုပ်နှံသူတွေက ကမ္ဘောဒီးယားအတွက် ရင်းနှီးငွေအသစ်တွေ၊ နည်းပညာအသစ်တွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆောင်ကြဉ်းပေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။

Khek Norinda သည် ကမ္ဘောဒီးယားနိုင်ငံ လေဆိပ်များဆိုင်ရာ ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးဋ္ဌာန ညွှန်ကြားရေးမှူး ဖြစ်သည်။ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများအပေါ် ၎င်းက “အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘောဒီးယားနိုင်ငံ တိုးတက်မှုလမ်းကြောင်းကို ထောက်ပံ့ပေးရာမှ အချက်အခြာ တစ်ခုပါပဲ။ လက်ရှိမှ တရုတ်နိုင်ငံ လေကြောင်းလိုင် ၁၁ ခုနဲ့ ကမ္ဘောဒီးယား လေကြောင်းမှတစ်ဆင့် ကုန်ပစ္စည်းတင်ပို့တဲ့ ကုမ္ပဏီ ၅ ခုက နှစ်နိုင်ငံအကြား အပတ်စဉ် လေကြောင်းခရီးစဉ် ၂၀၀ နီးပါး ပြေးဆွဲလျက်ရှိတယ်” ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံအကြား လေကြောင်းလိုင်းများနှင့် ခရီးစဉ်များ အရေအတွက် တိုးပွားလာခြင်းသည် ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၏ ရောင်ပြန်သက်ရောက်ခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းကုမ္ပဏီ ၂၅၀ အား ကိုယ်စားပြုထားသော ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Chhay Sivlin က တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် ခရီးသွားဧည့်သည်များက ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားစွာ အထောက်အကူဖြစ်စေသည်ဟု ထောက်ပြခဲ့သည်။

“ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဟိုတယ်တွေ၊ အပန်းဖြေအိမ်ရာတွေ၊ ခရီးသွားကုမ္ပဏီတွေနဲ့ စားသောက်ဆိုင်တွေ စတဲ့ စီးပွားရေးလုပ်ငန်းတွေကို တရုတ်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တွေက ရင်းနှီးမြှုပ်နှံထားကြတယ်” ဟု CSL Travel & Tours ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သူ Chhay Sivlin က ဆင်ဟွာကို ပြောခဲ့သည်။

၎င်းတို့ ကုမ္ပဏီအနေဖြင့် တရုတ် ကုမ္ပဏီ ၅ ခုနှင့် မိတ်ဖက်ပြုကာ နှစ်နိုင်ငံအကြား အုပ်စုလိုက် ခရီးသွားများအတွက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၌ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူနှင့် ခရီးသွားဧည့်သည် အရင်းအမြစ်ဖြစ်သလို ဦးဆောင် ကုန်သွယ်ဖက် နိုင်ငံ တစ်ခုလည်း ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ အစိုးရ စာရင်းအင်းများအရ နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးသည် ၂၀၁၇ ခုနှစ် ပထမ ၁၁ လအတွင်း အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံရှိခဲ့ပြီး ၂၀၁၆ ခုနှစ် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးကိုပင် ကျော်တက်သွားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများကဲ့သို့သော တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများက ကမ္ဘောဒီးယားဈေးကွက်၌ လူကြိုက်များလျက်ရှိသည်။

“ကမ္ဘောဒီးယားမှာရှိတဲ့ တရုတ်နိုင်ငံ ထုတ်ကုန်များက အရည်အသွေးကောင်းမွန်သလို ဈေးနှုန်းကလဲ ယှဉ်လို့ရတယ်” ဟု တရုတ်နိုင်ငံထုတ် ဟွာဝေး စမတ်ဖုန်းအား ဥပမာပေးကာ Sivlin က ပြောကြားခဲ့ပြီး ၎င်းကိုယ်တိုင် ဟွာဝေးဖုန်း အသုံးပြုသူ တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.