Connect with us

Asia

ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးတိုးတက်စေရန် မြောက်ကိုရီးယား-အမေရိကန် ဆွေးနွေးပွဲအတွက် တရုတ်နိုင်ငံက ထောက်ခံကြောင်း ပြသ

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ(ဝဲ)နှင့် မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ရိယောင်ဟို(Ri Yong Ho) (ယာ) တို့ လက်ဆွဲနှုတ်ဆက်စဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ မေ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့ပြုလုပ်မည့် ဆွေးနွေးပွဲကို အဆင်ပြေချောမွေ့စေရန် နှင့် ရေရှည်တိုးတက်သောအောင်မြင်မှုရရှိစေရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက မေလ ၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ရိယောင်ဟို(Ri Yong Ho) နှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားကင်းစင်ရေးရည်မှန်းချက်အောင်မြင်စေရန် ကြိုးပမ်းအားထုတ်နေသည့် မြောက်ကိုရီးယားနိုင်ငံအား တရုတ်နိုင်ငံက အပြည့်အဝ ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ဧပြီ ၂၇ ရက်ကပြုလုပ်ခဲ့သော မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား နှစ်နိုင်ငံခေါင်းဆောင်တို့၏ ထိပ်သီးအစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကို ကြိုဆိုပါကြောင်း နှင့် ယင်းမှတဆင့် အရေးပါသော ရလဒ်များ ထွက်ပေါ်ခဲ့ကြောင်း ဝမ်ရိက ဆိုသည်။

ပြီးခဲ့သော မတ်လ က မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ်၏ တရုတ်နိုင်ငံခရီးစဉ်အောင်မြင်မှုအပေါ် ဝမ်ရိက ပြန်ပြောင်းပြောကြားခဲ့သည်။

ယင်းခရီးစဉ်အတွင်း တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် နှင့် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ် တို့သည် သမိုင်းဝင်တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို ပြုလုပ်ခဲ့သည်။ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် တရုတ်-မြောက်ကိုရီးယား နှစ်နိုင်ငံ အစဉ်အလာချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေးများ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် ဆက်လက်တိုးတက်စေရန် အရေးကြီးသော သဘောတူညီမှုတစ်ရပ်ကို ၎င်းတို့က အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့သည်။ ယင်းမှာ နှစ်ဖက်ဆက်ဆံရေး စာမျက်နှာသစ်တစ်ရပ်ကို ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်ကြောင်း ဝမ်က ဆိုသည်။

ဤအရာက ခေတ်သစ်တွင် နှစ်ဖက်ဆက်ဆံရေး အနာဂါတ်ဖွံ့ဖြိုးတိုးတက်စေရန် နှင့် စည်းလုံးညီညွတ်စေရန် နှစ်နိုင်ငံစလုံးအတွက် လမ်းကြောင်းတစ်ခု ဖြစ်စေလိမ့်မည်ဖြစ်ကြောင်းလည်း ဝမ်ရိက ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ရိက မြောက် နှင့် တောင်ကိုရီးယား နှစ်နိုင်ငံခေါင်းဆောင်များအကြား မကြာသေးမီက သမိုင်းဝင်တွေ့ဆုံမှုသည် ကိုရီးယားကျွန်းဆွယ်အတွက် အလွန်အရေးပါသော လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

နျူကလီယားကင်းစင်အောင်မည်သို့ဆောင်ရွက်သွားရန် နှင့် ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးယန္တယားတည်ဆောက်ရန် သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံအားလုံးဆွေးနွေးစဉ်အတွင်း မြောက်ကိုရီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အနီးကပ်ချိတ်ဆက် ဆောင်ရွက်မှုကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ရိက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)