Connect with us

Asia

တရုတ်-လာအိုရထားလမ်းတွင်  ပထမဆုံးဘူတာရုံ တည်ဆောက်

လာအိုနိုင်ငံ မြောက်ပိုင်းရှိ ခရီးသည်နှင့်ကုန်စည်များ အဓိကပို့ဆောင်ဖြန့်ဖြူးရာ Nateuy ဘူတာရုံ တည်ဆောက်မှု လုပ်ငန်းခွင်တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ-CRCEG/Handout via Xinhua)

ဗီယင်ကျန်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

Nateuy ဘူတာရုံအဓိကအဆောက်အအုံ နောက်ဆုံးကွန်ကရစ်ခေါင်မိုး လောင်းပြီးနောက် တရုတ်ရထား လမ်းတည်ဆောက်ရေး အင်ဂျင်နီယာရင်းဂရု(ပ်) (CRCEG) ၏ တရုတ်-လာအိုရထားလမ်းတစ်လျှောက် ပထမဆုံး ဘူတာရုံ တည်ဆောက်မှုမှာ စက်တင်ဘာ ၁၇ ရက်တွင်  ပြီးစီးခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံ မြောက်ပိုင်းရှိ ခရီးသည်နှင့်ကုန်စည်များ အဓိကပို့ဆောင်ဖြန့်ဖြူးရာ Nateuy ဘူတာရုံတွင် ပလက်ဖောင်းတစ်ခုနှင့် သံလမ်းသုံးလမ်း၊ ဘူတာရုံခန်းမ၊ ရထားစောင့်ရန်ခန်းမ၊ လက်မှတ်ရောင်းချရာနေရာများ၊ ဓာတ်အားခွဲရုံများနှင့် ရုံခန်းအတွက် အခြားသောအခန်းများ ပါဝင်ကြောင်း သိရသည်။

CRCEG စီမံကိန်းဌာနသည် တည်ဆောက်မှုများစတင်ခဲ့သော ဇူလိုင် ၂၀ ကတည်းက ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အင်ဂျင်နီယားရင်း ဆောက်လုပ်ရေး နှစ်မျိုးလုံးကို လိုက်နာလျက်ရှိကြောင်း၊ ဘေးကင်းရေးနှင့် အရည်အသွေး ခိုင်မာမှုကို ဂရုစိုက်ဆောင်ရွက်လျက်ရှိပြီး နည်းပညာသုတေသနများ တက်တက်ကြွကြွလုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

အင်ဂျင်နီယာအားလုံးအနေဖြင့် COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဆောက်လုပ်ရေးလုပ်သားများ လုပ်ငန်းခွင် မဝင်ရောက်နိုင်မှု၊ ဆောက်လုပ်ရေးသုံးပစ္စည်း မပြည့်စုံမှုများနှင့် လာအိုနိုင်ငံ၏ ရှည်လျားသည့် မိုးရာသီကာလအတွင်း မိုးသည်း ထန်မှုများ စသည်တို့ကို ကျော်လွှားလုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် အင်ဂျင်နီယားရင်းကုမ္ပဏီသည် အဆောက်အအုံတည်ဆောက်မှုကို စီစဉ်ထားသည်ထက်စော၍ စက်တင်ဘာ ၁၆ ရက်တွင် ဘူတာရုံခေါင်မိုးမိုးရေးလုပ်ငန်းကို အရှိန်မြှင့် လုပ်ဆောင်ခဲ့သည်။

တရုတ်-လာအိုရထားလမ်းသည် တရုတ်နိုင်ငံက အဆိုပြုထားသည့် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်နှင့်

ကုန်းတွင်းပိတ်နိုင်ငံအဖြစ်မှ ကုန်တွင်းချိတ်ဆက်မှု အချက်အခြာကျသောနိုင်ငံအဖြစ်သို့ ကူးပြောင်းမည့် လာအိုနိုင်ငံ၏ဗျူဟာအကြား မဟာဗျူဟာမြောက် စီမံကိန်းတစ်ခုဖြစ်သည်။၄၂၂ ကီလိုမီတာရှိသော ရထားလမ်းတွင်  ၁၉၈ ကီလိုမီတာရှည်လျားသည့် ဥမင် ၇၅ ခု၊ ၆၂ ကီလိုမီတာရှည်လျားသည့်တံတားများ ပါဝင်ပြီး တရုတ်နယ်စပ်၊ လာအိုနိုင်ငံမြောက်ပိုင်း Boten နယ်စပ်ဂိတ်မှ ဗီယင်ကျန်းအထိ တစ်နာရီလျှင် ၁၆၀ ကီလိုမီတာနှုန်းဖြင့် ပြေးဆွဲမည်ဖြစ်သည်။

လျှပ်စစ်ဓာတ်အားသုံးစနစ် ခရီးသည်နှင့် ကုန်တင်ရထားလမ်းသည် တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှုနှင့် နည်းပညာစံနှုန်းများဖြင့် အပြည့်အဝ တည်ဆောက်လျက်ရှိသည်။၂၀၁၆ ခုနှစ်ဒီဇင်ဘာတွင် စတင်ခဲ့သည့် အဆိုပါ စီမံကိန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် လုပ်ငန်းပြီးစီးရန်နှင့် လည်ပတ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။  (Xinhua)