Connect with us

Asia

တိုကျိုမြို့တွင် ဆောက်လက်စ အထပ်မြင့်အဆောက်အဦ မီးလောင်မှုကြောင့် လူ ၄ ဦးဒဏ်ရာရ

မီးလောင်မှုဖြစ်ပွားရာအနီးရှိ JR Shimbashi ဘူတာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဆောက်လက်စအဆောက်အဦတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီးသတ်သမားများက ဇန်နဝါရီလ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

ဒဏ်ရာရသူများအားလုံး သတိရလျက်ရှိကြောင်း သိရသည်။အဆိုပါ မီးလောင်မှုသည် JR Shimbashi ဘူတာအနီး လူသွားလူလာများပြားသည့်နေရာတွင် ဇန်နဝါရီလ ၁၁ ရက် ဒေသစံတော်ချိန် နေ့လယ် ၂း၀၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။တိုကျို မီးသတ်ဌာန၏ အဆိုအရ အဆောက်အအုံအတွင်း အသုံးပြုထားသည့် အပူကာ ပစ္စည်းများက မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အထပ် ၃၀ ရှိသော အဆောက်အဦမှာ မီးခိုးလုံးဖြင့် ပိတ်နေခဲ့ကြောင်း သိရသည်။မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်နှင့်တစ်ပြိုင်နက် အရေးပေါ်ကယ်ဆယ်ရေးသမားများ ချက်ချင်းရောက်ရှိလာခဲ့ပြီး မီးသတ်ကားများက အဆောက်အဦအား ဝန်းရံထားခဲ့သလို ရဟတ်ယာဉ်များကလည်း အဆောက်အဦပေါ် ပျံဝဲနေခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။ဆောက်လုပ်ရေးစီမံကိန်းများအရ ထို အဆောက်အဦအား ဈေးဆိုင်များနှင့် ဟိုတယ်တစ်ခု ပေါင်းကာ ဒီဇိုင်းရေးဆွဲထားပြီး ဇူလိုင်လတွင် ပြီးစီးရန် လျာထားကြောင်း သိရသည်။ (Xinhua)