Connect with us

Asia

ပါကစ္စတန်တွင် ကန်ဒေါ်လာ ၃၂သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ပါကစ္စတန်ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည့် ကန်ဒေါ်လာ ၃၂သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ တရားခံများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့များသည် ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် တွင် နိုင်ငံတကာဈေးကွက်သို့ တရားမဝင်ဖြန့်ချိမည့် ပါကစ္စတန်ရူပီး ၃.၅ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၂သန်း) တန်ဖိုးရှိသော မူးယစ်ဆေးဝါး ၄၀၀ကီလိုဂရမ်များကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း နိုင်ငံပိုင် Radio Pakistan က ထုတ်လွှင့်ခဲ့သည်။

ပါကစ္စတန်ကမ်းခြေစောင့်တပ်ဖွဲ့ သည် Balochistan ပြည်နယ် Pasni မြို့ အနီးရှိ ပင်လယ်ပြင်တွင် ထောက်လှမ်းရေးသတင်းရရှိချက်အရ စစ်ဆင်ရေးတစ်ခုကို ဆောင်ရွက်ခဲ့ပြီး လှေတစ်စီးအတွင်းမှ အဆိုပါ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တစ်ချိန်တည်းမှာပင် ကမ်းခြေစောင့်တပ်ဖွဲ့သည် Balochistan ပြည်နယ် အနောက်တောင်ပိုင်း Gwadar ဆိပ်ကမ်းမြို့အနီးရှိ Nilent စစ်ဆေးရေးဂိတ် ၌ စစ်ဆေးနေစဉ်အတွင်း မော်တော်ယာဉ်တစ်စီးမှ မူးယစ်ဆေးဝါး ၃၀၀ဂရမ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး လူ၄ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။တရားခံများ၏ မော်တော်ယာဉ်ကို ပါ ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း ဒေသခံ ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ (Xinhua)