Connect with us

Asia

ပါကစ္စတန်တွင် တရားရုံးတွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံး၊ ၂၇ ဦး ဒဏ်ရာရ

ပါကစ္စတန်တွင် ဗုံးပေါက်ကွဲမှု တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

အစ္စလာမ်မာဘတ်၊ စက်တင်ဘာလ ၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ မာဒန်မြို့ရှိ ခရိုင် တရားရုံး၌ စက်တင်ဘာလ ၂ ရက်က အသေခံ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ရှေ့နေ ၄ ဦး အပါအဝင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ပြီး အခြားလူ ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အရာရှိများက ပြောသည်။

ရဲတပ်ဖွဲ့ လက်ထောက် စစ်ဆေးရေးမှူးချုပ် အီဇတ် ခန်း၏ အဆိုအရ အေသခံ ဗုံးဖောက်ခွဲရေးသမား တစ်ဦးသည် တရားရုံး ဝင်ပေါက်နှင့် ရုံး နေရာသို့ လက်ပစ်ဗုံး တစ်လုံး ပစ်ဖောက်ခဲ့ခြင်းကြောင့် ဖြစ်ပြီး ၎င်းအား တရားရုံး အခန်းတွင်းသို့ မဝင်ရောက်မီ ရဲတပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများအား မာဒန် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ၎င်းတို့အနက် အနည်းဆုံး ၈ ဦးသည် အထူး ကြပ်မတ်ကုသဆောင်၌ စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း ကယ်ဆယ်ရေး အရာရှိ ဟာရစ် ဟာဘတ်က ပြောကြားခဲ့သည်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးပြီးချင်း လုံခြုံရေး တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေး တပ်ဖွဲ့များ အခင်း ဖြစ်ပွားရာ နေရာသို့ ချက်ချင်းရောက်ရှိလာခဲ့ကြောင်း သေဆုံးသူများ သယ်ဆောင်ခြင်းနှင့် ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
အသေခံ ဗုံးဖောက်ခွဲသူသည် ၅-၆ ကီလိုဂရမ် အလေးချိန်ရှိ ဖောက်ခွဲရေး ပစ္စည်းများ ပါဝင်သည့် ဖောက်ခွဲရေး ဂျာကင် ဝတ်ဆင်ကာ ဗုံးဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ဗုံး ရှင်းလင်းရေး အဖွဲ့ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့က ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်ရန် အခင်းဖြစ်ပွားသည့်နေရာအား သွားလာခွင့် ပိတ်ထားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ လက်ချက်ဖြစ်ကြောင်း ပြောကြားထားခြင်း မရှိသေးပေ။
ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူများနှင့် နစ်နာဆုံးရှုံးသူများအတွက် ကြေကွဲဝမ်းနည်းကြောင်း ပါကစ္စတန် သမ္မတ မန်နွန် ဟူစိန်နှင့် ဝန်ကြီးချုပ် နာဝပ်ဇ် ရှာရစ်ဖ်တို့က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.