Connect with us

Asia

ပါကစ္စတန်နိုင်ငံတွင် ဆီတင်ကားမီးလောင်ရာမှ လူ ၁၂၀ဦးသေဆုံး၊ ၁၀၀ကျော်ဒဏ်ရာရရှိ

တိမ်းမှောက်ပြီးနောက် မီးလောင်ကျွမ်းခဲ့သည့် ဆီတင်ကား အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဇွန်လ ၂၅ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် တွင် ဇွန်လ ၂၅ရက် က ဆီတင်ကား မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၂၀ဦး သေဆုံးခဲ့ပြီး အခြားလူ ၁၀၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံသတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။

ပန်ဂျပ်ပြည်နယ် ဘာဟာဝါပေါခရိုင်ရှိ ဝိတိုရိယဆေးရုံးအုပ်ကြီး ဒေါက်တာ Aurangzeb က ရုပ်အလောင်း ၁၂၀ နှင့် ဒဏ်ရာရရှိသူ ၁၀၀ဦးကို ခရိုင်အတွင်းရှိ ဆေးရုံအသီးသီးက လက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ဘာဟာဝါပေါခရိုင် ၏ ခရိုင်ခွဲတစ်ခုဖြစ်သည့် Ahmad Pur Shaqia ခရိုင် ရှိ အဝေးပြေးလမ်းမ တစ်ခုတွင် ဇွန်လ ၂၅ ရက် နံနက်ပိုင်းက တိမ်းမှောက်နေသော ဆီတင်ကားတစ်စီးမှ ဆီများကို ခပ်ယူရန် လူအများအပြား စုဝေးနေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ဆီတင်ကား သည် တာယာပေါက်ပြီးနောက် တိမ်းမှောက်သွားကြောင်း မျက်မြင်တွေ့ရှိခဲ့သူများ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းများကဖော်ပြခဲ့သည်။

မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ပြည်တွင်းသတင်းများက ဆီတင်ကားတိမ်းမှောက်နေသည့် နေရာအနီးတွင် ဆီလာခပ်သူ တစ်ဦး ပစ်ချလိုက်သည့် စီးကရက်၏ မီးစမှ စတင်လောင်ကျွမ်းခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းသုံးသပ်ကြသည်။အခင်ဖြစ်ပွားရာသို့ မီးသတ်ကား ၃စီးကို စေလွှတ်ခဲ့ပြီး မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ပြည်တွင်းမီးသတ်ဋ္ဌာန ကပြောကြားခဲ့သည်။မီးလောင်မှု ကြောင့် စုစုပေါင်း မော်တော်ဆိုင်ကယ် ၇၅စီး နှင့် မော်တော်ယာဉ် ၆စီး ပျက်စီးခဲ့ရကြောင်း ဒေသခံ ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ (Xinhua)