Connect with us

Asia

ပါကစ္စတန်နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှု ၂ ခုဖြစ်ပွား လူပေါင်း ၂၀ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ အစိုးရတပ်ဖွဲ့ဝင် တစ်ဦးတာဝန်ထမ်းဆောင်နေသည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံစစ်ဘက်ဆိုင်ရာက အောက်တိုဘာ ၁၅ ရက်၌ နိုင်ငံအတွင်းအကြမ်းဖက်တိုက်ခိုက်မှု ၂ ခုဖြစ်ပွားခဲ့ပြီး စုစုပေါင်းလူ ၂၀ ဦး သေဆုံးခဲ့ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။

ပါကစ္စတန်နိုင်ငံ ကြည်း ၊ ရေ ၊ လေ ပြန်ကြားရေးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် လုံခြုံရေးအဖွဲ့ဝင်များဖြင့် ပို့ဆောင်ခဲ့သည့် ပါကစ္စတန်နိုင်ငံရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီ၏ ကားတန်းက အောက်တိုဘာ ၁၅ ရက်၌Karachiမြို့သို့သွားရောက်စဉ် အတွင်း Ormara မြို့ အမြန်လမ်း၌ အကြမ်းဖက်သမားအများအပြား၏ တိုက်ခိုက်မှုကိုခံခဲ့ရကြောင်း ၊ တိုက်ခိုက်မှုအတွင်း ပါကစ္စတန်နိုင်ငံ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် ၇ ဦး နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး  သေဆုံးခဲ့ပြီး အကြမ်းဖက်သမားများလည်း ကြီးမားသည့် ထိခိုက်မှုဖြစ်ပွားခဲ့ကြောင်း ၊ ကုမ္ပဏီဝန်ထမ်းများက လုံခြုံရေးအဖွဲ့ဝင်များ၏ ကာကွယ်မှုအောက်တွင် ဆုတ်ခွာနိုင်ခဲ့ပြီး အခင်းဖြစ်ပွားသည့်ဒေသအား ပိတ်ဆို့ကာ ဖမ်းဆီးမှုလုပ်ငန်းများဆောင်ရွက်နေကြောင်း ပါဝင်ခဲ့သည်။

လက်ရှိချိန်တွင် အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမှ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိဘဲ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်က ယင်းကိစ္စရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုဆောင်ရွက်ရန်ညွှန်ကြားထားကြောင်း သိရှိရသည်။

ထို့ပြင်ပါကစ္စတန်နိုင်ငံ ကြည်း ၊ ရေ ၊ လေ ပြန်ကြားရေးဌာနက အောက်တိုဘာ ၁၅ ရက်တွင် နိုင်ငံ အနောက်မြောက်ပိုင်း Razmak မြို့အနီးတွင် ပါကစ္စတန်နိုင်ငံ စစ်ဘက်ဆိုင်ရာ ယာဉ်တန်းသည်ဗုံးခွဲ တိုက်ခိုက်မှုခံခဲ့ရပြီး တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ပါကစ္စတန်တာလီဘန် အဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ပါကစ္စတန်နိုင်ငံ North Waziristan ဒေသ က အာဖဂန်နစ္စတန်နိုင်ငံ နှင့်ထိစပ်နေပြီး အကြမ်းဖက်သမားများ ခိုအောင်းရာနေရာဖြစ်လေ့ရှိသည်။ ပါကစ္စတန်နိုင်ငံ စစ်ဘက်ဆိုင်ရာက စစ်ဆင်ရေးများဆောင်ရွက်၍ ယင်းဒေသရှိအကြမ်းဖက်အဖွဲ့အစည်းအများစုကို ခြေမှုန်းခဲ့သော်လည်း ကျန်ရှိနေသည့် အကြမ်းဖက်သမားအနည်းငယ်က မကြာခဏ ပါကစ္စတန်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့အား တိုက်ခိုက်လေ့ရှိကြောင်း သိရှိရသည်။  (Xinhua)