Connect with us

Asia

ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် အပူလျှပ်ပြီး လူ ၆၅ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံတွင် အပူရှောင်သည့်အနေဖြင့် ကလေး၏ ခေါင်းကိုအုပ်ကာ အပြင်ထွက်လာသည့် သားအမိအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ မေ ၂၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ဘက် ဆိပ်ကမ်းမြို့ဖြစ်သော ကရာချိမြို့၌ လွန်ခဲ့သည့် သုံးရက်အတွင်း အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာ မြို့၏ နေရာအနှံ့အပြား၌ အပူလျှပ်ခြင်းကြောင့် အနည်းဆုံး လူ ၆၅ ဦးသေဆုံးခဲ့ကြောင်း Edhi လူမှုဝန်ထမ်းအဖွဲ့၏ ပြောကြားချက်အား ကိုးကား၍ ဒေသတွင်းမီဒီယာက မေလ ၂၂ ရက်က ဖော်ပြခဲ့သည်။

Edhi ဖောင်ဒေးရှင်းသည် နိုင်ငံအတွင်း ရင်ခွဲရုံများနှင့် ဆေးရုံကားဝန်ဆောင်မှု လုပ်ဆောင်နေခြင်းဖြစ်ပြီး လွန်ခဲ့သည့် သုံးရက်အတွင်း Korangi မြို့နှင့် Sohrab Goth နယ်မြေများရှိ ဖောင်ဒေးရှင်းရှိ ရင်ခွဲရုံများသို့ လူသေအလောင်း ၁၁၄ လောင်းရောက်ရှိလာခဲ့ကြောင်း၊ ယင်းအနက် အနည်းဆုံး ၆၅ လောင်းမှာ အပူလျှပ်၍သေဆုံးခြင်း ဖြစ်ကြောင်း ဖောင်ဒေးရှင်းခေါင်းဆောင် Faisal Edhi က ပြောကြားခဲ့သည်။

အပူလျှပ်သေဆုံးသူအများစုမှာ ကျန်းမာရေးစောင့်ရှောက်မှုအချိန်မီ မရရှိဘဲ ၎င်းတို့၏ နေအိမ်၌ပင် သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ သေဆုံးသူများအနက် အသက်အငယ်ဆုံးမှာ ၆ နှစ်ဖြစ်ပြီး အသက်အကြီးဆုံးမှာ ၇၈ နှစ်ဖြစ်ကြောင်း Edhi က ပြောကြားခဲ့သည်။

သို့သော်လည်း အဆိုပါ ပြောကြားချက်အား ကျန်းမာရေးအာဏာပိုင်များက ငြင်းဆိုထားကြောင်း သတင်းများက ဆိုသည်။

ပါကစ္စတန်နိုင်ငံ မိုးလေဝသဌာနက ကရာချိမြို့၌ အပူလျှပ်နိုင်သည့် သတိပေးချက် ထုတ်ပြန်ထားကြောင်း၊ သီတင်းပတ်တစ်လျှောက်လုံး ရာသီဥတုပူနေမည်ဖြစ်ကြောင်း၊ နေ့အပူချိန်များမှာ ၄၀ မှ ၄၃ ဒီဂရီအကြား ရှိမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

ကရာချိမြို့တော်ဝန် Waseem Akhtar ကလည်း ဒေသခံများအား အပူလျှပ်ခြင်းကို ရှောင်ရှားနိုင်ရန် နေအိမ်အတွင်းမှာပင် နေထိုင်ရန် တိုက်တွန်းထားသည်။

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ်တွင် ၂၀၁၅ ခုနှစ်က အပူလှိုင်းကြောင့် အနည်းဆုံး သေဆုံးသူ ၁၂၀၀ ဦးရှိခဲ့ကြောင်း အများအားဖြင့် ဖျားနာသူ အိုးအိမ်မဲ့များနှင့် သက်ကြီးသူများဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.