Connect with us

Asia

ပါကစ္စတန်နိုင်ငံ တောင်ပိုင်းတွင် ထရပ်ကားနှင့် ဘတ်စ်ကား တိုက်မိ လူ ၁၇ ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရ

ပါကစ္စတန်နိုင်ငံတွင် ထရပ်ကားတစ်စီးနှင့် ဘတ်စ်ကားတစ်စီး တိုက်မိနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ်တွင် ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းက ထရပ်ကားနှင့် ခရီးသွားဘတ်စ်ကား တိုက်မိခဲ့ရာ လူ အနည်းဆုံး ၁၇ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း Urdu မီဒီယာက သတင်းဖော်ပြခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုသည် Sindh ပြည်နယ် Matiari ခရိုင်အနီး ကားလမ်းမပေါ်တွင် ထရပ်ကားနောက်တွဲယာဉ်နှင့် ဘတ်စ်ကား တိုက်မိခြင်းဖြစ်ကြောင်း ရဲအုပ်ကြီး Zahid Shah က ပြောခဲ့သည်။

ယင်း ဘတ်စ်ကားသည် မင်္ဂလာဆောင်သွားမည့်သူများအား တင်ဆောင်လာခြင်း ဖြစ်ကြောင်း၊ ယာဉ်တိုက်မှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း Shah က ဆိုသည်။

သေဆုံးသူများတွင် အမျိုးသမီးနှင့် ကလေးများပါဝင်ကြောင်း ထို ရဲအရာရှိထံမှ သိရသည်။

ဒေသခံများ၊ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက သေဆုံးသွားသူများနှင့် ဒဏ်ရာရသူများအား နီးစပ်ရာဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြသည်။

ပါကစ္စတန်နိုင်ငံ စာရင်းအင်းဗျူရို၏ တရားဝင်အချက်အလက်များအရ နိုင်ငံအတွင်း ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် ယာဉ်တိုက်မှုပေါင်း ၉,၀၀၀ ခန့်ဖြစ်ပွားခဲ့ပြီး တစ်နှစ်လျှင် ပျမ်းမျှ လူ ၄၅၀၀ ကျော်သေဆုံးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.