Connect with us

Asia

ပါကစ္စတန် တွင် ဘတ်စ်ကား တိမ်းမှောက်မှု ကြောင့် လူ ၁၉ဦးသေဆုံး

ပါကစ္စတန်တွင် ယခင်ကဖြစ်ပွားခဲ့သည့် ဘတ်စ်ကားမတော်တဆမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း Punjab ပြည်နယ် တွင် အောက်တိုဘာ ၂၁ ရက်က ခရီးသည်တင်ဘတ်စ်ကား ၂စီး ခေါင်းချင်းဆိုင်တိုက်မိ၍ အနည်းဆုံး လူ ၁၉ဦးသေဆုံးပြီး ၄၀ကျော်ဒဏ်ရာရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် ပြည်တွင်းသတင်းဌာနကဖော်ပြခဲ့သည်။

သတင်းဖော်ပြချက်များအရ မတော်တဆမှုသည် Punjab ပြည်နယ် Dera Ghazi Khan ခရိုင် Ghazi Ghat ဧရိယာ အနီး Multan လမ်းမပေါ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ယာဉ်မတော်တဆမှုတွင် ခရီးသည်တင်ယာဉ်တစ်စီး လုံးဝပျက်စီးသွားခဲ့ပြီး ယင်းယာဉ် ၂စီး၏ အပျက်အစီးအပိုင်းအစများကို ဖြတ်တောက်၍ သေဆုံးသူများ၏ ရုပ်အလောင်းများ နှင့် ဒဏ်ရာရရှိသူများကို ဆွဲထုတ်ပေးခဲ့ကြောင်း ပြည်တွင်းရုပ်သံလိုင်း ARY News ကဖော်ပြခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ဝင်များ နှင့် ဒေသခံများ အလျင်အမြန်ရောက်ရှိလာပြီး သေဆုံးသူများကို နေရာရွှေ့ပြောင်းခြင်း နှင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။ ဆေးရုံတာဝန်ရှိသူ၏ ပြောကြားချက်အရ ဒဏ်ရာရရှိသူအများအပြားမှာ အခြေအနေစိုးရိမ်ရ၍ သေဆုံးသူအရေအတွက်မြင့်တက်လာနိုင်ကြောင်း သိရသည်။

အဆိုပါ ဧရိယာရှိ ရဲအရာရှိများက ယင်းယာဉ်တိုက်မှုသည် အရှိန်လွန်မောင်းနှင်ခြင်း နှင့် ယာဉ်မောင်း၏ ဂရုမစိုက်မှုတို့ကြောင့် ဖြစ်ကြောင်း နှင့် ယာဉ်အား မဆင်မခြင်မောင်းနှင်မှု ဖြင့် ယာဉ်မောင်းအား တရားစွဲထားကြောင်း ပြောကြားခဲ့သည်။ပါကစ္စတန်စာရင်းအင်းဗျူရိုမှ ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ ၂၀၁၁ခုနှစ်မှစ၍ နှစ်စဉ်ယာဉ်တိုက်မှု ၉,၀၀၀ နီးပါးရှိခဲ့ပြီး ပျမ်းမျှအားဖြင့် နှစ်စဉ် လူ ၄,၅၀၀ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)