Connect with us

Asia

ဖိလစ်ပိုင်တွင် ၃၁ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး နှင့် ဆက်စပ် အစည်းအဝေးများစတင်ကျင်းပ

၃၁ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံ မှ ခေါင်းဆောင်များ အမှတ်တရ ဓါတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

မနီလာ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

၃၁ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးပွဲများအား ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် နိုဝင်ဘာ ၁၃ ရက်က စတင်ဖွင့်လှစ်လိုက်ပြီး အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံ နှင့် ဆွေးနွေးဖက်နိုင်ငံများမှ ခေါင်းဆောင်များ က လုံခြုံရေး၊ ပူးပေါင်းဆောင်ရွက်ရေး နှင့် ဒေသတွင်းပေါင်းစည်းမှုတို့ နှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ခုနှစ်အတွက် ဖိလစ်ပိုင်နိုင်ငံ က အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရပြီး “Partnering for Change, Engaging the World” ဆောင်ပုဒ်ဖြင့် အစည်းအဝေးအစီအစဉ်တွင် လုံခြုံရေး နှင့် ဒေသတွင်းပေါင်းစည်းမှုကို အဓိကထားထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးဖွင့်ပွဲအခမ်းအနား၌ ဖိလစ်ပိုင်သမ္မတ ရိုဒရီကို ဒူတာတေး က အကြမ်းဖက်မှု နှင့် အစွန်းရောက်မှုများသည် ဒေသ၏ တည်ငြိမ်အေးချမ်းမှု နှင့် လုံခြုံမှုကို ခြိမ်းခြောက်နေပြီး ယင်းခြိမ်းခြောက်မှုများတွင် အကန့်အသတ် အတားအဆီးမရှိကြောင်း၊ ပင်လယ်ဓါးပြလုပ်ငန်း နှင့် ပင်လယ်ပြင်၌ လက်နက်ကိုင်လုယက်မှုများသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး တည်ငြိမ်မှုကို ပျက်ပြားစေကြောင်း ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၃ ရက် နှင့် ၁၄ ရက်တွင် ပြုလုပ်မည့် ဆက်စပ်အစည်းအဝေးများတွင် အာဆီယံ+၁ ထိပ်သီးအစည်းအဝေး၊ အာဆီယံ+၃ (တရုတ်၊ ဂျပန် နှင့် တောင်ကိုရီးယား) ထိပ်သီးအစည်းအဝေး နှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေး တို့ပါဝင်သည်။ အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်ကြသော အီးယူ နှင့် ကုလသမဂ္ဂ အပါအဝင် တက်ရောက်ဆွေးနွေးသူ ၁၀ဦးကျော်တို့သည် ဘုံစိုးရိမ်မှုများနှင့် ပတ်သက်၍ ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံခေါင်းဆောင်များနှင့် ဆွေးနွေးဖက်နိုင်ငံ ၆နိုင်ငံဖြစ်သော သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား နှင့် နယူးဇီလန်နိုင်ငံ မှ တက်ရောက်လာသူများသည် နိုဝင်ဘာ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်သော ၎င်းတို့၏ ပထမဆုံး ဒေသတွင်း ပြီးပြည့်စုံသောစီးပွားရေးမိတ်ဖွဲ့မှု (RCEP) ခေါင်းဆောင်များအစည်းအဝေး ၌ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး ယင်းအစည်းအဝေးသို့ အာဆီယံ အထွေထွေအတွင်းရေးမှူး Le Luong Minh လည်းတက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.