Connect with us

Asia

ဘရူနိုင်းနန်းတော် ဖွင့်လှစ်ပြီး ၃ ရက်အတွင်း လူပေါင်း တစ်သိန်းကျော် လာရောက်လည်ပတ်

အများပြည်သူများ လာရောက်လည်ပတ်ခွင့်ရသော ဘရူနိုင်းနန်းတော်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဘန်ဒါဆာရီဘာဂါဝန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

ဘရူနိုင်းနိုင်ငံတွင် ဘုရင့်နန်းတော်ဖွင့်ပွဲ(Hari Raya)ပွဲတော်ကာလအတွင်း Istana Nurul Iman တော်ဝင် နန်းတော် သို့လာရောက်လည်ပတ်သူ တစ်သိန်းကျော် ရှိကြောင်း သိရသည်။

သုံးရက်တာပြုလုပ်သည့် တော်ဝင်နန်းတော်ဖွင့်လှစ်ခြင်းပွဲတော်အတွင်း ဧည့်သည်ပေါင်း ၁ဝ၂,၆၂၁ဦး လာရောက် လည်ပတ်ခဲ့သည်။ နန်းတော်ဖွင့်လှစ်သည့် ပထမဆုံးရက်တွင် ဧည့်သည်ပေါင်း ၃၄,၇၉၉ ဦးဝင်ရောက်ခဲ့ပြီး စံချိန်တင် အရေအတွက် ဖြစ်ကြောင်း နှင့် ဒုတိယရက်တွင် ဧည့်သည်ပေါင်း ၃၇,၄၃၄ ဦးဝင်ရောက်ခဲ့ကြောင်း သိရသည်။ ဘုရင့်နန်းတော်ဖွင့်လှစ်ခြင်းနောက်ဆုံးရက်သည် အစ္စလာမ်ဘာသာဝင်တို့၏နှစ်ပတ်လည်ပွဲတော်ဖြစ်သော Hari Raya Aidilfitri အိဒ်ပွဲတော်နှင့်အတူ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းရက်တွင် နန်းတော်သို့လာရောက်လည်ပတ်သူ ၃၀,၃၈၈ ဦးထိ ရှိခဲ့သည်။

၂၀၁၈ ခုနှစ်တွင် လူဦးရေ ၄၄၀,၀၀၀ ခန့်ရှိသော ဘရူနိုင်း နိုင်ငံတွင် Hari Raya ပွဲတော်ကို လွန်ခဲ့သော ဆယ်စုနှစ် သုံးခုကတည်းက ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပွဲတော်ကာလတွင် အများပြည်သူတို့ကို ဘုရင့် တော်ဝင် နန်းတော်ထဲသို့ဝင်ရောက်လည်ပတ်ခွင့်ပြုခဲ့ကြောင်း ၊ တစ်ဆက်တည်းမှာပင် ဧည့်ပရိသတ်များအနေဖြင့် ဘရူနိုင်းဘုရင် ဆူလ်တန် ဟန်ဆန်နယ် ဘိုကီးယား(Sultan Hassanal Bolkiah) နှင့် အခြား တော်ဝင် မိသားစုဝင်များကို ဂါရဝပြု နှုတ်ဆက်ခွင့် ရရှိကြမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၈ ခုနှစ် ဘုရင့်နန်းတော်ဖွင့်ပွဲအတွင်း ဘရူနိုင်းနန်းတော်သို့လာရောက်လည်ပတ်သူ ၁၁ဝ,၈၂၈ ဦးရှိပြီး ၂ဝ၁၂ ခုနှစ်တွင် အမြင့်ဆုံးဝင်ရောက်ခဲ့သည့် ၁ဝ၂,၆၆ဝ ဦးထက်ပိုမိုများပြားခဲ့သလို ၊ ၂ဝ၁၇ ခုနှစ်တွင် ဝင်ရောက်ခဲ့သည့် ၁ဝဝ,၈ဝ၂ ဦးဖြင့် နှိုင်းယှဉ်ပါကလည်း ပိုမိုများပြားခဲ့ကြောင်း သိရသည်။(Xinhua)