Connect with us

Asia

မလေးရှားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦး ရောဂါသက်သာ၍ ပထမဆုံးဆေးရုံဆင်းခွင့်ရကြောင်း ထုတ်ပြန်

မလေးရှားနိုင်ငံ လေဆိပ်၌ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံသို့ရောက်ရှိနေသော အသက် ၄ နှစ်အရွယ်  တရုတ်နိုင်ငံသားကလေးငယ်တစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းမှာ အပြည့်အဝပြန်လည်သက်သာလာပြီးဖြစ်ကြောင်း နှင့် ၎င်းအား တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် ခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း မလေးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါ မိန်းကလေးငယ်သည်မလေးရှားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော လူနာ ၁၀ ဦးအနက် တစ်ဦးအပါအဝင်ဖြစ်ကြောင်း ၊ ၎င်းအား ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူအဖြစ် အတည်ပြုခဲ့ကြောင်း နှင့် ယခုအခါ သူသည် မလေးရှားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါသက်သာပျောက်ကင်းသည့် ပထမဆုံးလူနာတစ်ဦးဖြစ်လာကြောင်း မလေးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Noor Hisham Abdullah က ဆိုသည်။

လက်ရှိတွင် လူနာသမီးငယ်ကို မလေးရှားနိုင်ငံ၏ နာမည်ကျော်ခရီးသွားနေရာတစ်ခုဖြစ်သည့် ကဒတ်ပြည်နယ်ရှိ လန်ကာဝီကျွန်းပေါ်တွင် ဆေးကုသမှုပေးထားကြောင်း သိရသည်။၎င်းကလေးငယ်သည် ရောဂါကူးစက်ခံရပြီးနောက် ၂၄ နာရီခြား၍ ပြုလုပ်သော စမ်းသပ်မှု နှစ်ကြိမ်စလုံးတွင် အနုတ်လက္ခဏာ(Negative) ဗိုင်းရပ်စ်ပိုးကင်းလူနာအဖြစ် အတည်ပြုနိုင်ခဲ့သည်။

“ ဒီဖြစ်စဉ်ကိုကြည့်မယ်ဆိုရင် 2019-nCoV ကိုရိုနာဗိုင်းရပ်စ်ဟာ ကုသလို့ပျောက်ကင်းတဲ့ ရောဂါမျိုးဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ် ။ ဒါကြောင့် တရုတ်နိုင်ငံမှာ သတင်းတွေ ဖော်ပြနေသလိုပဲ ကုသလို့ ပျောက်ကင်းတဲ့ ရောဂါမျိုးပါ။ အခုတော့ သူလုံးဝ နေပြန်ကောင်းနေပါပြီ။ ဒါကြောင့် ဒီရောဂါဖြစ်ရင် အမြဲတမ်း အသက်ဆုံးရှုံးရမယ်ဆိုတဲ့ အတွေးအခေါ်က မမှန်ကန်ပါဘူး ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)