Connect with us

Asia

မြန်မာနိုင်ငံသား ကချင်အမျိုးသမီး ပထမဆုံး ပူလစ်ဇာဆု ချီးမြှင့်ခံရ

အေပီ သတင်းထောက် အက်စ်သာ ထုဆန် အားတွေ့ရစဉ် (ဓာတ်ပုံ- Esther Htusan Facebook)

ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသား အများအပြား ပါဝင်သည့် ရွှေ့ပြောင်းလုပ်သားများအား အင်ဒိုနီးရှားနိုင်ငံ ပင်လယ်ငါးဖမ်း လုပ် ငန်းများ၌ ကျွန်သဖွယ် ခိုင်းစေ လုပ်ကိုင်နေသော ဖြစ်ရပ်အား စုံစမ်းဖော်ထုတ်ရေးသားခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ သား ကချင်အမျိုးသမီး အက်စ်သာ ထုဆန် (Esther Htusan) သည် ပထမဆုံးအကြိမ် ပူလစ်ဇာဆု ချီးမြှင့်ခံရ ကြောင်း သိရသည်။

အေပီ သတင်းဋ္ဌာန သတင်းထောက် တစ်ဦးဖြစ်သူ အက်စ်သာ ထုဆန်နှင့်အတူ Margie Mason, Robin McDowell နှင့် Martha Mendoza ပါဝင်သည့် အေပီ သတင်းအဖွဲ့က ၂၀၁၆ ခုနှစ် ပူလစ်ဇာဆု (Pulitzer Prize) အတွက် အများပြည်သူ ဝန်ဆောင်မှုဆု (Public Service Prize) ဖြင့် ဧပြီလ ၁၈ ရက်က ရရှိခဲ့သည်။

အမေရိကန် အပါအဝင် နိုင်ငံတကာ ဈေးကွက်သို့ အဓိက တင်ပို့နေသည့် အင်ဒိုနီးရှားနိုင်ငံ မြို့တော်မှ မိုင်ပေါင်း ၁၉၀၀ ခန့် ဝေးကွာသည့် ဘန်ဂျီးနားကျွန်းရှိ ပင်လယ်ငါးဖမ်းလုပ်ငန်း နှင့် ပင်လယ်စာလုပ်ငန်းများတွင် လုပ်ကိုင် နေရသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံများမှ ရွှေ့ ပြောင်းလုပ်သားများအား ခေါင်းပုံဖြတ် အ မြတ်ထုတ်ကာ လုပ်ကိုင်နေသည့် ဖြစ်ရပ်အား တစ်နှစ်ကျော်ကြာ စုံစမ်းဖော်ထုတ်၍ ယင်း အလုပ်သမားများ နေ ထိုင်ရသည့် လှောင်အိမ်များအား ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များနှင့်တကွ သတင်းများ တင်ပြခဲ့သည်။

အဆိုပါ သတင်းသည် နိုင်ငံတကာ ပင်လယ်စာ တင်ပို့မှု ဈေးကွက်အကြား ဂယက်ရိုက်ခတ်ခဲ့ကာ အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံကလည်း လုပ်ငန်းရှင်များအား စုံစမ်း အရေးယူမှုများ ပြုလုပ်ခဲ့ရသလို သက်ဆိုင်ရာ နိုင်ငံ အသီးသီးကလည်း မိမိနိုင်ငံသားများအား ပြန်လည် ကယ်တင်နိုင်ရေး လုပ်ဆောင်ခဲ့ရသည်။ အဆိုပါ သတင်း၏ အကျိုးဆက်အဖြစ် ထို လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် လုပ်သား ၂၀၀၀ ကျော်လွတ်မြောက်ခဲ့သည်။

အက်စ်သာ ထုဆန်သည် မြန်မာနိုင်ငံသား ကချင်အမျိုးသမီး တစ်ဦး ဖြစ်ပြီး အမေရိကန် သတင်းစာလောက တွင် ချီးမြှင့်သည့် ပူလစ်ဇာဆုအား ပထမဆုံးအကြိမ် ရရှိသည့် မြန်မာနိုင်ငံသားလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.