Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် လှုပ်ခတ်သည့် အင်အားပြင်း ငလျင်ကြောင့် အိမ်ခြေများစွာ ပျက်စီး

အင်ဒိုနီးရှား ဘာလီကျွန်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အက်ကွဲနေသည့် လမ်းမ တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဘာလီနှင့် အရှေ့ ဂျာဗားပြည်နယ်၌ နိုဝင်ဘာလ ၁၆ ရက် ညသန်းခေါင်၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် အိမ်ခြေ ဒါဇင်များစွာ ပျက်စီးခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေး အေဂျင်စီက နိုဝင်ဘာလ ၁၇ ရက်က ပြောကြားခဲ့သည်။

အဆိုပါ ပြည်နယ်၏ မာလန်နှင့် ဂျမ်ဘာ ခရိုင်များရှိ အိမ်ခြေ ၄၀ ပျက်စီးခဲ့ကြောင်း အမျိုးသား သဘာဝဘေး အေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ စူတိုပို ပါဝို နူဂရိုဟိုက ပြောသည်။

အခြား ပျက်စီးမှု အစီရင်ခံစာများအား ထုတ်ပြန်ထားခြင်း မရှိသေးေကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားလိုက်သည်။

မာလန်ခရိုင် အရှေ့တောင်ဘက် ၁၂၇ ကီလိုမီတာနှင့် ၆၉ ကီလိုမီတာ အနက်အား ဗဟိုပြုကာ ပြင်းအား ၆.၂ အင်အားရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဘူမိဗေဒ အေဂျင်စီအရ သိရသည်။

အဆိုပါ ငလျင်ကြောင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိသော်လည်း ဘာလီနှင့် အရှေ့ဂျာဗား ပြည်နယ်ရှိ အချို့ မြို့များ၌ ငလျင်ဒဏ်အား ပြင်းထန်စွာ ခံစားခဲ့ရကြောင်း စူတိုပိုက ပြောသည်။

ဘာလီကျွန်းသို့ လစဉ် အားလပ်ရက် လာရောက် အပန်းဖြေသည့် နိုင်ငံခြားသား ဧည့်သည် နှစ်သိန်းဝန်းကျင် ရှိကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံသည် The Pacific Ring of Fire ဟု ခေါ်တွင်သည့် ငလျင်ဇုန်အတွင်း ကျရောက်သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.