Connect with us

Asia

အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် ပြုလုပ်ပေးမည်ဟု ထိုင်း ဝန်ကြီးချုပ် ကတိပြု

ထိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအား သြဂုတ်လ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် သြဂုတ်လ ၁၀ ရက်က အခြေခံ ဥပဒေ ဆန္ဒခံယူပွဲ ရလဒ်များ ထွက်ရှိလာပြီးနောက် အစိုးရ အနေဖြင့် လမ်းပြမြေပုံအတိုင်း အထွေထွေ ရွေးကောက်ပွဲအား ၂၀၁၇ ခုနှစ်တွင် ကျင်းပပေးမည် ဖြစ်ကြောင်း ထိုင်း ဝန်ကြီးချုပ် ပရာယွတ် ချန် အိုချာက ပြောသည်။

“အားလုံးက လမ်းပြမြေပုံ အတိုင်း အပြောင်းအလဲ မရှိပါဘူး၊ လူထု ဆန္ဒခံယူပွဲ ရလဒ်အရ အခြေခံ ဥပဒေကို ပြင်ဆင် ဖြည့်စွက်ဖို့ အခြေခံ ဥပဒေ မူကြမ်း ကော်မတီ (CDC) က ပြုလုပ်မယ်၊ ပြီးရင် စစ်ဆေးဖို့ အခြေခံ ဥပဒေ တရားရုံးကို ပို့မယ်၊ အားလုံး ပြီးသွားခဲ့ရင် အတည်ပြုချက် ယူဖို့ ဘုရင့်ထံ ပို့မှာ ဖြစ်တယ်” ဟု ပရာယွတ်က ရုပ်မြင်သံကြားတွင် ပြောကြားခဲ့ပြီး ယင်းလုပ်ငန်းစဉ်သည် သုံးလခန့် ကြာမြင့်မည် ဖြစ်ကြောင်းလည်း ဖြည့်စွက် ပြောကြားခဲ့သည်။
ယင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်းပြီးပါက ၂၀၁၄ ခုနှစ် ကြားဖြတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နေရာတွင် အစားထိုးမည် ဖြစ်ပြီး အထူးသဖြင့် အထွေထွေ ရွေးကောက်ပွဲအတွက် လိုအပ်သည့် ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာ ဥပဒေ လေးခု အပါအဝင် ဥပဒေ ၁၀ ခုအား အခြေခံ ဥပဒေ မူကြမ်း ကော်မတီက လုပ်ဆောင်ရမည် ဖြစ်သည်။
အကယ်၍ တိုင်းပြည် အခြေအနေ တည်ငြိမ်ပါက ရွေးကောက်ပွဲ ကော်မရှင်က လာမည့် ငါးလအတွင်း အထွေ ထွေ ရွေးကောက်ပွဲအား ကျင်းပပေးမည် ဖြစ်ပြီး အဆိုပါ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ဥပဒေ လေးခုအား ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြဋ္ဌာန်းနိုင်မည် ဖြစ်ကြောင်း ပရာယွတ်က ပြောသည်။
ထို့ပြင် ပြည်သူများအား ဥပဒေများနှင့် ဆန္ဒ ခံယူပွဲ ရလဒ်များအား လေးစားလိုက်နာသင့်ကြောင်း နှင့် ၂၀၁၄ ခုနှစ် ကြားဖြတ် အခြေခံ ဥပဒေ၊ အခန်း ၄၄ သည် အသက်ဝင်နေဆဲ ဖြစ်ကြောင်း ပရာယွတ်က ဆိုသည်။
အငြင်းပွားဖွယ်ရာ အခြေခံ ဥပဒေပါ အခန်း ၄၄ တွင် အာဏာသိမ်း စစ်အုပ်စု အကြီးအကဲသည် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို ညွှန်ကြားခြင်း သို့မဟုတ် တိုက်ရိုက် လုပ်ဆောင်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ထိုင်းနိုင်ငံ၏ ၂၀၁၆ ခုနှစ် အခြေခံ ဥပဒေ မူကြမ်း ဆန္ဒ ခံယူပွဲ ရလဒ်အား သြဂုတ် ၁၀ ရက် နေ့လည်ပိုင်းတွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ Supachai Somcharoen က ကြေညာခဲ့သည်။ မဲပေးခွင့်ရှိသူ ၅၀.၀၇ သန်း အနက် ၅၉.၄၀ ရာခိုင်နှုန်းက မဲပေးခဲ့ကြပြီး ၆၁.၃၅ ရာခိုင်နှုန်းက အခြေခံ ဥပဒေ မူကြမ်းအား ထောက်ခံမဲ ပေးခဲ့ကြ သည်။
ထိုင်း ဘုရင်ထံမှ အတည်ပြုချက် ရရှိပြီးပါက ယင်း အခြေခံ ဥပဒေသည် ထိုင်းနိုင်ငံ၏ ၂၀ ခုမြောက် အခြေခံ ဥပဒေ ဖြစ်လာမည် ဖြစ်ပြီး ဝန်ကြီးချုပ်သစ် တစ်ဦး ရွေးချယ်တင်မြှောက်ရာတွင် လိုအပ်သည့်
အောက်လွှတ်တော်အမတ် အရေအတွက် ၅၀၀ ဦးထဲတွင် အာဏာသိမ်းစစ်အုပ်စုများမှ ရွေးချယ် တင်မြှောက် ထားသည့် လွှတ်အမတ် ၂၅၀ ဦး ပါဝင်မည် ဖြစ်ကြောင်းနှင့် ထို အရေအတွက်မှာ မကြုံဖူးသည့် ပမာဏ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.