Connect with us

Asia

အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် မိုးရွာခြင်းနှင့် ဆက်စပ်သည့် မတော်တဆမှုများကြောင့် လူပေါင်း ၃၂၄ ဦး သေဆုံး


နယူးဒေလီ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း Kerala ပြည်နယ်တွင် ရာစုနှစ်တစ်ခုနီးပါးအတွင်း အဆိုးဝါးဆုံးမိုးရွာသွန်းမှုကြောင့် ယခုနှစ် မေလမှစ၍ လူပေါင်း ၃၂၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မေလ ၂၉ ရက်မှစ၍ မိုးရွာခြင်းနှင့် ဆက်စပ်သည့် မတော်တဆမှုများကြောင့် သေဆုံးသူအရေအတွက် မြင့်တက်ရခြင်းဖြစ်ကြောင်း Kerala ပြည်နယ် ဝန်ကြီးချုပ် Pinarayi Vijayan ၏ ရုံးမှ သြဂုတ်လ ၁၇ ရက် ညနေပိုင်းတွင် ပြောကြားလိုက်သည်။

ယင်းပြည်နယ်တွင် အမျိုးသား သဘာဝဘေးလျော့ပါးရေးတပ်ဖွဲ့ (NDRF) မှ တပ်ဖွဲ့များနှင့်တပ်သားများ စခန်းချထားခဲ့ပြီး အိန္ဒိယနိုင်ငံ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်များမှလည်း တပ်ဖွဲ့များ ထပ်မံ စေလွှတ်ထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

“ကြည်းတပ် အဖွဲ့ ၁၆ ဖွဲ့၊ ရေတပ် အဖွဲ့ ၂၈ ဖွဲ့၊ NDRF အဖွဲ့ ၃၉ ဖွဲ့တို့က သဘာဝဘေးလျော့ပါးရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေပါတယ်။ NDRF က လူ ၄,၀၀၀ လောက်ကို ကယ်ဆယ်ခဲ့ပြီးပါပြီ” လို့ ဝန်ကြီးချုပ်က ပြောခဲ့သည်။

သေဆုံးသူများအပြင် ယင်းပြည်နယ်ရှိ လူပေါင်း ၂၀၀,၀၀၀ ကျော် နေရပ်ရွှေ့ပြောင်းခဲ့ရပြီး လမ်းမများ ၁၀၀၀၀ ကီလိုမီတာကျော်နှင့် နေအိမ် ရာပေါင်းများစွာ ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

အခြား ရာသီဥတုဆိုးဝါးသည့် ခရိုင်များမှာ Idukki, Wayanad, Pallakad, Malappuram, Kochi နှင့် ပြည်နယ်မြို့တော် Thirvananthapuram တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ လူသုံးအများဆုံး လေဆိပ်များအနက် တစ်ခုဖြစ်သော Kochi လေဆိပ်အား လာမည့် သီတင်းပတ်အထိ ပိတ်ထားဦးမည်ဟု အာဏာပိုင်များက ပြောကြောင်း သတင်းထုတ်ပြန်ချက် အသစ်၌ ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.