Connect with us

Asia

အိန္ဒိယနိုင်ငံ မြို့တော် ဒေလီရဲတပ်ဖွဲ့ မှ ယာဉ်ထိန်းရဲများ အား ပစ္စတိုသေနတ်များ တပ်ဆင်ပေးမည်

အိန္ဒိယနိုင်ငံ ရှိ ယာဉ်ထိန်းရဲတစ်ဦး တာဝန်ထမ်းဆောင်နေစဉ် (ဓာတ်ပုံ-wikipedia)

နယူးဒေလီ၊ ဇန်နဝါရီလ ၅ရက် (ဆင်ဟွာ)

ဒေလီရဲတပ်ဖွဲ့သည် ယာဉ်ထိန်းရဲများ အား မကြာမီအချိန်ကာလ အတွင်း ပစ္စတိုသေနတ်များ တပ်ဆင်ပေးမည် ဖြစ်ရာ အိန္ဒိယနိုင်ငံ၏ မြို့တော်ရှိ လမ်းများတွင် ဖြစ်ပွားနေသည့် ပြဿနာ ကိစ္စရပ်များ အား ကိုင်တွယ်ဖြေရှင်း ရာတွင် လုပ်ပိုင်ခွင့်များပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။

ပထမ အသုတ်အနေဖြင့် ယာဉ်ထိန်းရဲ အယောက် ၁၀၀၀ အား ဖေဖော်ဝါရီလ တွင် ပစ္စတိုသေနတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း ဒေလီရဲမင်းကြီး B.S.Bassi ကပြောကြားခဲ့သည်။

အဆိုပါ သေနတ်များကို မတော်တဆ ယာဉ်တိုက်မှု နှင့် အရေးပေါ် ကိစ္စများ ဖြစ်ပွားလေ့ရှိသည့် အရေးကြီး နေရာ များတွင် တာဝန်ထမ်းဆောင်နေရသည့် ယာဉ်ထိန်းရဲများအား ဦးစားပေးတပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း Bassi က ဇန်နဝါရီလ ၄ရက်နေ့တွင် မီဒီယာသို့ပြောကြားလိုက်သည်။

ဒေလီ လမ်းမများပေါ်တွင် မတော်တဆ ယာဉ်တိုက်မှု များနှင့် အခြား ပြဿနာ ကိစ္စရပ်များကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့သော်လည်း လက်နက် တပ်ဆင်ထားခြင်းမရှိသည့် ယာဉ်ထိန်းများ အနေဖြင့် အဆိုပါ ကိစ္စရပ်များအား အပြည့်အဝ ဖြေရှင်းရန် အခက်အခဲ ရှိကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ ၏ အချို့ပြည်နယ်များရှိ ယာဉ်ထိန်းရဲများသည် သေနတ်ကိုင်ဆောင်ကြသော်လည်း ဒေလီယာဉ်ထိန်းရဲများ မှာမူ သေနတ်ကိုင်ဆောင်ခွင့်မရှိကြောင်း သိရသည်။ (Xinhua)