Connect with us

Asia

အိန္ဒိယနိုင်ငံ မြို့တော်အနီး နေအိမ်အတွင်းမှာပင် သတင်းထောက်တစ်ဦး သေနတ်ပစ်ခံရ

မျက်နှာဖုံးစွပ် သေနတ်သမား တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီအနီးတွင် သတင်းထောက် တစ်ဦးသည် ၎င်း၏ နေအိမ်အတွင်းမှာပင် သေနတ်ပစ်ခံရပြီး စိုးရိမ်ဖွယ် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီလ ၉ ရက်တွင် ပြောကြားလိုက်သည်။

ဟင်ဒီသတင်းချန်နယ်တွင် အလုပ်လုပ်ကိုင်နေသော ရုပ်မြင်သံကြား သတင်းထောက် Anuj Chaudhary သည် နယူးဒေလီမြို့ပြင်ပ ဂါဇီယာဘတ် (ဥတာပရာဒတ်ရှ်) တွင် ဧပြီလ ၈ ရက်ညနေပိုင်းတွင် သေနတ်ပစ်ခံခဲ့ရခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ ညနေ (ဧပြီလ ၈ ရက်ညနေ) တုန်းက လုပ်ကြံသူ နှစ်ဦးက ဆိုင်ကယ် တစ်စီးနဲ့ Chaudhary ရဲ့ နေအိမ်ဝင်းထဲကို ဝင်လာခဲ့ပြီး ၎င်း၏ ဝမ်းဗိုက်နဲ့ ညာဘက်လက်ကို သေနတ်နဲ့ပစ်သွားကြတယ်။ Chaudhary ကို ဆေးရုံပို့ပေးခဲ့ရတယ်” ဟု မိသားစုဝင်များ၏ ပြောကြားချက်အား ကိုးကား၍ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Chaudhary သည် Sahara Samay ဟင်ဒီ သတင်းရုပ်သံလိုင်းတွင် လုပ်ကိုင်နေသူဖြစ်သည်။ ၎င်း၏ ဇနီးသည် ဥတာပရာဒတ်ရှ်ပြည်နယ်တွင် အခြေပြုကာ Dalits ဇာတ်နိမ့်များအတွက် လုပ်ဆောင်ပေးနေသော အိန္ဒိယနိုင်ငံရှိ Bahujan Samaj Party (BSP) ပါတီဝင် ဒေသခံနိုင်ငံရေးသမား တစ်ဦးဖြစ်ကြောင်း သိရသည်။ (Xinhua)