Connect with us

Asia

ဂျပန်နိုင်ငံ Shimane စီရင်စု၌ ပြင်းအား ၆.၁ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရရှိ

မြေငလျင်လှုပ်ခတ်ခဲ့သော ဂျပန်နိုင်ငံ Shimane စီရင်စုကို မြေပုံ၌တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

တိုကျို ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

ဂျပန် နိုင်ငံ မိုးလေဝသ ဌာန ၏ ထုတ်ပြန်ချက်အရ ဧပြီလ ၉ ရက်နေ့ ဒေသစံတော်ချိန် ၁ နာရီ ၃၂ မိနစ် အချိန် တွင် ဂျပန် နိုင်ငံ Shimane စီရင်စု၌ ပြင်းအား ၆.၁ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ရာ အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရပြီး ယင်းငလျင်ကြောင့် ဆိုနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရ သည်။

အဆိုပါငလျင်သည် Shimane စီရင်စုအနောက်ဘက် အရှေ့လောင်ဂျီတွဒ် ၁၃၂.၆ ဒီဂရီ၊ မြောက်လတ္တီတွဒ် ၃၅.၂ ဒီဂရီ၊ အနက် ၁၂ ကီလိုမီတာခန့်ကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ Shimane စီရင်စုအပြင် အခြား Tottori ၊ Okayama ၊ Hiroshima ၊Ehime စသည့် ဂျပန်နိုင်ငံ အလယ်ပိုင်းနှင့်အနောက်ပိုင်းဒေသ အချို့တွင် မြေငလျင်လှုပ်ခတ်မှုကို သိရှိခံစားမိကြောင်း ၊ လာမည့်အပတ်အတွင်း ယခုကဲ့သို့ပြင်းအားတူ မြေငလျင်ထပ်မံလှုပ်ခတ်နိုင်ဖွယ်ရှိရာ အများပြည်သူအား သတိဖြင့်ကြိုတင်ကာကွယ်ပြင်ဆင်မှုများ လုပ်ဆောင် ထားကြရန် ဂျပန်နိုင်ငံ မိုးလေဝသဌာနက ထုတ်ဖော်ပြောကြားထားသည်။

ယခုလှုပ်ခတ်ခဲ့သည့်မြေငလျှင်ကြောင့် Shimane စီရင်စု Ōdaမြို့အတွင်း ဒဏ်ရာရသူအနည်းဆုံး ၄ ဦးရှိ ကြောင်း ၊အဆောက်အဦးအချို့နှင့် လမ်းများ ပျက်စီးခဲ့ကြောင်း၊ လူနေအိမ်အတော်များများ လျှပ်စစ်မီးနှင့်သုံးရေ ပြတ်တောက်ခဲ့ကြောင်း ဒေသခံမီဒီယာများ၏ရေးသားချက်အရသိရှိရသည်။Shimane စီရင်စု၏ စုစုပေါင်းဧရိယာမှာ စတုရန်းကီလိုမီတာ ၆၇၀၀ ခန့်ရှိပြီး လူဦးရေ ၆၈၅၀,၀၀ ရှိသည်။ ဂျပန် နိုင်ငံ သည် ပစိဖိတ်သမုဒ္ဒရာ ၏ ငလျင်ကြောပေါ် တွင် တည်ရှိပြီး ကမ္ဘာပေါ်တွင် ငလျင်ကြော အများဆုံး တည်ရှိရာ ဒေသလည်း ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)