Connect with us

Asia

အိန္ဒိယ အရှေ့မြောက်ပိုင်းတွင် ရေကြီးမှုကြောင့် ၁၂ ဦး သေဆုံး


နယူးဒေလီ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်နှင့် အက်ဆမ်ပြည်နယ်များတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကြောက်မက်ဖွယ် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး လူပေါင်းများစွာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း အဆင့်မြင့် အရာရှိ တစ်ဦးက ဇွန်လ ၁၃ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နယ်စပ်က မီဇိုရမ်မှာ ရေဖုံးလွှမ်းမှုကြောင့် အိမ်ခြေ ၃၅၀ မျောပါသွားတယ်၊ Lunglei ခရိုင်က Tlabung မြို့မှာ လူ ၁၀ ဦးကျော် သေဆုံးခဲ့ပြီး အခြားလူ ၁၀ ဦး ကျော် ပျောက်ဆုံးနေတယ်” ဟု အဆိုပါ အရာရှိက ပြောသည်။

ထို့ပြင် အက်ဆမ်ပြည်နယ် မြို့တော် Guwahati မှာ ကျောင်းသားငယ် တစ်ဦးနှင့် လန်ချားမောင်းသူ တစ်ဦး မိုးသည်းထန်စဉ် ဓာတ်လိုက်သေဆုံးခဲ့သည်။

အိန္ဒိယနိုင်ငံ အက်ဆမ်ပြည်နယ် မြို့တော် Guwajati တွင် မိုးသည်းထန်မှုကြောင့် လမ်းပေါ်သို့ ရေလွှမ်းနေခြင်းအား တွေ့ရစဉ် (ဆင်ဟွာ)

“ရေဖုံးလွှမ်းနေတဲ့ တိရစ္တာန်ရုံလမ်း ဧရိယာအတွင်းမှာ လျှပ်စစ်စီးနေတဲ့ ဝါယာကြိုးနဲ့ လန်ချား ထိမိတဲ့အချိန်မှာ ဓာတ်လိုက် သေဆုံးခဲ့တာပါ၊ ထိခိုက်နစ်နာခဲ့တဲ့ မိသားစုတွေအတွက် နစ်နာကြေး လျော်ကြေးငွေ ရူပီး လေးသိန်း (အမေရိကန်ဒေါ်လာ ၇၀၀၀) ပေးအပ်သွားပါမယ်၊ မြို့တွင်းက စာသင်ကျောင်းနဲ့ ကောလိပ်တွေအားလုံး ပိတ်ထားရတယ်” ဟု Guwahati ၏ ဒုတိယ ရဲမင်းကြီး M.Angamuthu က မီဒီယာသို့ ပြောသည်။

အဆိုပါ ပြည်နယ် နှစ်ခုလုံးတွင် ဇွန်လ ၁၂ ရက် ညပိုင်းကတည်းကစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း ဖြစ်သည်။

လာမည့် ၇၂ နာရီအတွင်း ပြည်နယ် ၇ ခုတွင် မိုးသည်းထန်ခြင်းနှင့် မိုးသက်မုန်တိုင်းများ ကျရောက်နိုင်ကြောင်း အိန္ဒိယနိုင်ငံ မိုးလေဝသဋ္ဌာနက ခန့်မှန်းထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.