Connect with us

Asia

လက်ဘနွန်နိုင်ငံ၏ အဖွဲ့ဝင်လျှောက်ထားမှုကို AIIB အစည်းအဝေးတွင် ခွင့်ပြု

အာရှ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဥက္ကဋ္ဌ ကျင်းလိချွင်အား တွေ့ရစဉ် (ဆင်ဟွာ)

မွမ်ဘိုင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

အာရှ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) အုပ်ချုပ်ရေးအဖွဲ့က လက်ဘနွန်နိုင်ငံမှ အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုအား ခွင့်ပြုလိုက်ကြောင်း၊ AIIB ၏ အဖွဲ့ဝင် ၈၇ နိုင်ငံရှိလာပြီဖြစ်ကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်၌ ဇွန်လ ၂၆ ရက်က ဖော်ပြခဲ့သည်။

“အလားအလာရှိတဲ့ အဖွဲ့ဝင်အဖြစ် လက်ဘနွန်နိုင်ငံကို ကြိုဆိုပါတယ်။ လက်ဘနွန်က အရှေ့အလယ်ပိုင်းဒေသမှာ အရေးပါပြီး စီးပွားရေး အချက်အခြာနေရာလည်း ဖြစ်ပါတယ်။ ပြီးတော့ လက်ဘနွန်နိုင်ငံက AIIB မှာ တက်ကြွတဲ့ အခန်းကဏ္ဍမှ ပါဝင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု AIIB ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့အတွင်းရေးမှူး Sir Danny Alexander က ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံသည် လိုအပ်သည့် လုပ်ငန်းစဉ်များကို ပြည့်စုံစွာ ဆောင်ရွက်ပြီး ဘဏ်သို့ ပထမဆုံး အပ်နှံငွေ ပေးသွင်းပြီးပါက ဒေသဆိုင်ရာ အဖွဲ့ဝင်အဖြစ် တရားဝင် ပါဝင်လာနိုင်မည် ဖြစ်သည်။ AIIB ၏ ရှိနှင့်ပြီးသား ရှယ်ယာသတ်မှတ်ချက်အဖွဲ့မှ အဖွဲ့ဝင်သစ်အား ရှယ်ယာသတ်မှတ်မည် ဖြစ်သည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလက AIIB ၏ စာချုပ်ပါ သဘောတူညီချက်များအား နိုင်ငံ ၅၇ နိုင်ငံက လက်မှတ်ရေးထိုးခဲ့ကြောင်း ကြေညာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင်မူ အဖွဲ့ဝင်လောင်းအဖြစ် နောက်ထပ် နိုင်ငံ ၂၇ နိုင်ငံကို ခွင့်ပြုကြောင်း ကြေညာခဲ့သည်။ ၂၀၁၈ ခုနှစ် မေလတွင် နောက်ထပ် အဖွဲ့ဝင်လောင်း နှစ်နိုင်ငံကို ခွင့်ပြုခဲ့သည်။ အနာဂတ်တွင် အဖွဲ့ဝင်အသစ်များကို ဆက်လက် ပါဝင်လာမည်ဟု AIIB က မျှော်လင့်ထားသည်။

AIIB ၏ တတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို “တီထွင်ဆန်းသစ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း” ဟူသော ရည်မှန်းချက်နှင့်အတူ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ဇွန်လ ၂၅ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.