Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ဘာဘ်ဘယ် (Bulbul) မုန်တိုင်းက အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိ

ဘာဘ်ဘယ် (Bulbul) ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နေသည်ကို ဂြိုဟ်တုမှတစ်ဆင့် ရိုက်ကူးထားသည်ကို မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ် (Bulbul) သည် ဘင်္ဂလားပင်လယ်အော်  အနောက်အလယ်ပိုင်း၊ ဆက်စပ်လျက်ရှိသော အရှေ့အလယ်ပိုင်းအတွင်း ဖြတ်ကျော်ကာ နိုဝင်ဘာ ၈ ရက်တွင် မြောက်-အနောက်မြောက်ဘက်ဆီသို့ ရွေ့လျားကာ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက (IMD) က ပြောကြားလိုက်သည်။

“အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ် (Bulbul) က ဒီနေ့ (နိုဝင်ဘာ ၈ ရက်) ဒေသစံတော်ချိန် နံနက် ၅:၃၀ နာရီမှာ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲသွားပါပြီ” ဟု IMD က ကြေညာချက်၌ ပြောကြားထားသည်။ “အဲဒီမုန်တိုင်းက နိုဝင်ဘာ ၁၀ ရက် အစောပိုင်းမှ လေတိုက်နှုန်း တစ်နာရီလျှင် ၁၀၀ မှ ၁၁၀ ကီလိုမီတာအတွင်းဖြင့် အနောက်ဘန်ဂေါပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းကို ဖြတ်သန်းကာ ဘင်္ဂလားဒေ့ရှ်ပြည်နယ် ဆွန်ဒါဘန်စ်မြစ်ဝကျွန်းပေါ်ဒေသသို့ ဖြတ်သန်းသွားမှာဖြစ်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဩရိဿ (Odisha) ပြည်နယ်နှင့် အနောက်ဘန်ဂေါပြည်နယ်တို့တွင် မိုးသည်းထန်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။

ထိုကြောင့် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မည့်ဒေသများရှိ ပြည်သူများအနေဖြင့် နေအိမ်အတွင်း၌ပင် နေကြရန်၊ ငါးဖမ်းသမားများအနေဖြင့်လည်း ငါးဖမ်းခြင်းလုပ်ငန်းများ ဆိုင်းငံ့ထားကြရန် အကြံပြုထားသည်။

ယင်းပြည်နယ်နှစ်ခုတွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုမှ ထိန်းသိမ်းကာကွယ်ရေး အရှိန်မြှင့်လုပ်ဆောင်ကြရန် တာဝန်ရှိသူများက ပြောကြားထားသည်။

ဩရိဿပြည်နယ်အစိုးရက ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့်မည့်ဒေသများ၌ ကြိုတင်ကာကွယ်ရေးအဖြစ်  သဘာဝဘေးတုန့်ပြန်ရေးတပ်ဖွဲ့ဝင်များအား တပ်ဖြန့်ထားလျက်ရှိကြောင်း၊ ခရိုင် ၉ ခုရှိ အုပ်ချုပ်ရေးအဖွဲ့များကိုလည်း လိုအပ်သည့် စီမံမှုများနှင့်အတူ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံ နားခိုရာနေရာများ (Cyclone shelters) အသင့်ပြင်ထားရန် ညွှန်ကြားထားကြောင်း၊ ပူရီခရိုင်နှင့် ကန်ဒရာပါရာခရိုင်ရှိ စာသင်ကျောင်းများနှင့် ကလေးထိန်းစင်တာများကိုလည်း နှစ်ရက် ပိတ်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။

ထို့ပြင် အနောက်ဘန်ဂေါပြည်နယ်ရှိ အာဏာပိုင်များကလည်း ဆိုင်ကလုန်းမုန်တိုင်းအား ရင်ဆိုင်ရန် လိုအပ်သည့် ဆောင်ရွက်များအားလုံး လုပ်ဆောင်ထားရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.