Connect with us

Asia

အိန္ဒိယနိုင်ငံ၏ ဒုတိယအကြိမ်မြောက် လကမ္ဘာခရီးစဉ်သွား Chandrayaan-2 အာကာသလွန်းပျံယာဉ် လပတ်လမ်းကြောင်းသို့ ချဉ်းနင်းဝင်ရောက်

အိန္ဒိယနိုင်ငံ၏ ဒုတိယအကြိမ်မြောက် လကမ္ဘာခရီးစဉ်သွား Chandrayaan-2 အာကာသလွန်းပျံယာဉ်အား သယ်ဆောင်သွားသည့် “GSLV-Mk-III” ဒုံးပျံအား ဇူလိုင်လ ၂၂ ရက်က လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ ဒုတိယအကြိမ်မြောက် လကမ္ဘာခရီးစဉ် (Moon Mission) သု့ိမဟုတ် Chandrayaan-2 အာကာသလွန်းပျံယာဉ်သည် သြဂုတ် ၂၀ ရက်တွင် လပတ်လမ်းကြောင်းအတွင်း အောင်မြင်စွာ ဝင်ရောက်သွားခဲ့ပြီဟု အာကာသလုပ်ငန်းက အတည်ပြုခဲ့ကြောင်း အိန္ဒိယ အာကာသ သုတေသနအဖွဲ့အစည်း (ISRO) က ပြောကြားခဲ့သည်။

ယင်းမှာ Chandrayaan-2 အာကာသလွန်းပျံယာဉ်က လုပ်ဆောင်ခဲ့သည့် အကြီးဆုံး သမိုင်းဝင်မှတ်တိုင် တစ်ခု ဖြစ်လာခဲ့သည်။

“Vikram” ဟုအမည်ပေးထားသော လပေါ်ဆင်းသက်ယာဉ်ကို သယ်ဆောင်သွားသည့် Chandrayaan-2 အာကာသလွန်းပျံယာဉ်ကို ဇူလိုင်လ ၂၂ ရက်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ “Vikram” လဆင်းယာဉ်သည် စက်တင်ဘာလ ၇ ရက်တွင် လမျက်နှာပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ အဆိုပါ လပေါ်ဆင်းယာဉ်မှာ အိန္ဒိယ အာကာသ သုတေသနအစီအစဉ် ဖခင်ကြီး Vikram Sarabhai အား ဂုဏ်ပြုသောအားဖြင့် အမည်မှည့်တွင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ယခုလအစောပိုင်းတွင် Chandrayaan-2 လွန်းပျံယာဉ်သည် ကမ္ဘာမြေ၏ ပထမဆုံးဓာတ်ပုံများအား ရိုက်ကူးပေးပို့ခဲ့သည်။

အိန္ဒိယနိုင်ငံသည် အမေရိကန်၊ ရုရှားနှင့် တရုတ်ပြီးလျှင် လကမ္ဘာပေါ်သို့ ရောက်ရှိခဲ့သော စတုတ္ထမြောက်နိုင်ငံ ဖြစ်လာမည် ဖြစ်သည်။

လမျက်နှာပြင်ပေါ်ရှိ ရေ၊ ဒြပ်စင်ပစ္စည်းများနှင့် ကျောက်ပုံဆောင်ခဲများဆိုင်ရာ အချက်အလက်ကို စုစည်းရန် ရည်ရွယ်ထားသည့် လကမ္ဘာခရီးစဉ်မှာ ကုန်ကျစရိတ်အားဖြင့် အမေရိကန် ဒေါ်လာ သန်း ၁၅၀ နီးပါး ရှိကြောင်း သိရသည်။ (Xinhua)