Connect with us

Asia

လာအိုပြည်သူများက တရုတ်နိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေး အကူအညီပေးရန် ထောက်ပံ့မှုများ ပေးအပ်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြား 

တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့က လာအိုနိုင်ငံသို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လွှဲပြောင်းပေးအပ်လှူဒါန်းအား တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

လာအိုနိုင်ငံ၌ COVID-19 ရောဂါတိုက်ဖျက်ရေး အကူအညီပေးရန် ပြီးခဲ့သော သီတင်းပတ်က ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့်အတူ ရောက်ရှိလာခဲ့သော တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ကို လာအိုပြည်သူများက ချီးကျူးစကား များစွာ ပြောကြားခဲ့ကြသည်။ 

လာအို နှင့် တရုတ် နိုင်ငံတို့အကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမည်ဟု ကတိပြုခဲ့ပြီး လာအိုပြည်သူများအား COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် ကူညီရန် တရုတ်နိုင်ငံက လာအိုနိုင်ငံသို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဆေးပစ္စည်းကိရိယာများ ပေးပို့ကာ ကောင်းမွန်စွာ ဆောင်ရွက်ခဲ့ကြောင်း လာအိုနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိ တစ်ဦး ဖြစ်သူ Soukkhaphone Sisamoud က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

“တရုတ်နိုင်ငံရဲ့ ထောက်ပံ့ကူညီမှုတွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက် တစ်ခု ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသည် လာအိုနိုင်ငံသို့ ပစ္စည်းကိရိယာများ ၊ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုများကဲ့သို့ နည်းလမ်းများစွာဖြင့် ကူညီနေပြီး  COVID-19 ရောဂါ တိုက်ဖျက်ရေးနယ်ပယ်တွင် အတွေ့အကြုံရှိသောဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများအားလည်း တရုတ်နိုင်ငံက စေလွှတ်ခဲ့ကြောင်း Mahosot ဆေးရုံက ဝန်ထမ်းတစ်ဦး ဖြစ်သူ Chanphouphet Sengthavong က ပြောကြားခဲ့သည်။ 

“အဲဒါတွေက အရမ်းအထောက်အကူပြုပါတယ်။”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ 

“ကျွန်မတို့နိုင်ငံကို အတွေ့အကြုံရှိတဲ့ တရုတ်ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့အတွက် သူတို့ဆီက တိုက်ရိုက် သင်ယူနိုင်ပါတယ်။ကျွန်မအတွက် ဒီထောက်ပံ့မှုတွေက မျှော်လင့်ချက်တွေ ဖြစ်စေပါတယ်။”ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။ 

လာအိုအမျိုးသားတက္ကသိုလ်ရှိ တရုတ်ဘာသာစကားလေ့လာရေးစင်တာ၏ ဒါရိုက်တာ Sithixay Xayavong က လာအိုအစိုးရသည် COVID-19 ရောဂါ ပြန့်ပွားမှုကို တားဆီးရန် တရုတ်နိုင်ငံသို့ အကူအညီများ တောင်းခံပြီးနောက် ရက်အနည်းငယ်အတွင်း လာအိုနိုင်ငံသို့ ဘဏ္ဍာရေး နှင့် ပစ္စည်းကိရိယာ အကူအညီများ ချက်ချင်း ထောက်ပံ့ပေးခဲ့ကြောင်း နှင့် လာအိုနိုင်ငံရှိ တရုတ်အဖွဲ့အစည်းများကလည်း ငွေကြေး နှင့် ပစ္စည်းများအား လှူဒါန်းခဲ့ကြောင်း ပြောကြားခဲ့သည်။ 

“ဒါဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို ပိုပြီး အားကောင်းစေလိမ့်မယ်လို့ ထင်ပါတယ်။လာအိုနိုင်ငံကို ဗိုင်းရပ်စ်ပိုးနှိမ်နှင်းရေး တားဆီးကာကွယ်ရေးအစီအမံတွေအတွက် ဒါတွေက အကူအညီ ဖြစ်စေနိုင်ပါတယ်။ ဒါဟာ တစ်ဦးနှင့်တစ်ဦး အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် အပြန်အလှန် ထောက်ပံ့မှုတွေ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

လာအိုဆေးတက္ကသိုလ်တွင် စတုတ္ထနှစ် ပညာသင်ကြားနေသော ကျောင်းသူ Thatsany Mixay က တရုတ်နိုင်ငံက လာအိုနိုင်ငံရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအတွက် ဗိုင်းရပ်စ်ပိုးကာကွယ်ရန် အကာအကွယ်ဝတ်စုံများ ၊ N95 နှာခေါင်းစည်းများ နှင့် ဆေးဘက်ဆိုင်ရာ နှာခေါင်းစည်းများ ထောက်ပံ့ပေးခဲ့ကြောင်း ၊ ယင်းအကူအညီများက လာအိုပြည်သူများ၏ အသက်များကို သိသိသာသာ ကာကွယ်ပေးနိုင်လိမ့်မည် ဖြစ်ပြီး ရောဂါကို တိုက်ဖျက်ရန် လာအိုနိုင်ငံ ကျန်းမာရေး ကဏ္ဍ၏ စွမ်းရည်ကို မြှင့်တင်နိုင်မည်ဟု ထင်မြင်ကြောင်း နှင့် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ 

“တရုတ်နိုင်ငံရဲ့ ပစ္စည်းကိရိယာ ၊ ဘဏ္ဍာရေး အထောက်အပံ့တွေနဲ့အတူ ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ နဲ့ COVID-19 ရောဂါကာကွယ်ရေးကို ကျွန်မတို့ ဆက်ပြီး ကြိုးစားသွားမှာ ဖြစ်ပါတယ်။”ဟု ဆိုသည်။  

လာအိုနိုင်ငံ၌ ဧပြီ ၂ ရက်အထိ COVID-19 ရောဂါ အတည်ပြု လူနာမှာ စုစုပေါင်း ၁၀ ဦး ရှိပြီး ၎င်းတို့အားလုံးမှာ စိုးရိမ်စရာ အခြေအနေတွင် မရှိကြောင်း သိရသည်။ 

လာအိုနိုင်ငံ၌ ပထမဆုံး အနေဖြင့် မတ် ၂၄ ရက်တွင် COVID-19 ရောဂါပိုးရှိသူ နှစ်ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)