Connect with us

Asia

ကမ္ဘောဒီးယား တရားရုံးချုပ်က လူနာများအား HIV ပိုး ကူးစက်အောင် ဆေးထိုးခဲ့သည့် ဆရာဝန်ကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်ရန် ဆုံးဖြတ် 

၂၀၁၅ ခုနှစ်တွင် Battambang ပြည်နယ် တရားရုံး ပြင်ပတွင် တရားခံ Yem Chrin ကို ရဲအစောင့်အရှောက်များဖြင့် တွေ့ရစဉ် (ဓာတ်ပုံ - အင်တာနက်)

ဖနွမ်းပင် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယား နိုင်ငံ၌ ရွာသား ၂၀၀ ကျော်ကို အသုံးပြုပြီးသား မသန့်ရှင်းသော ဆေးထိုးအပ်များမှ တစ်ဆင့် HIV ပိုး ကူးစက်ခံရအောင် ဆေးထိုးခဲ့သည့် လိုင်စင်မဲ့ ဆေးကုသနေသည့် ဆရာဝန် တစ်ဉီးကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်ရန် အောက်တရားရုံး တစ်ခု၏ ဆုံးဖြတ်ချက်ကို တရားရုံးချုပ်က အတည်ပြုခဲ့ကြောင်း သိရသည်။

၎င်းကုသပေးခဲ့သည့် လူနာများစွာ၏ သွေးကို စမ်းသပ်စစ်ဆေးမှုပြုလုပ်ရာတွင် HIV ပိုးတွေ့ရှိခဲ့ပြီးနောက် အသက် ၆၀ နှစ်အရွယ် Yem Chrin အား နိုင်ငံအနောက်မြောက်ပိုင်း Battambang ပြည်နယ်၌ ၂၀၁၄ ခုနှစ်တွင် ဖမ်းဆီး ခဲ့ကြောင်း ၊ ၎င်းအား အသုံးပြုပြီးသား ဆေးထိုးအပ်များကိုအသုံးပြု၍ လူနာများကို HIV ဗိုင်းရပ်စ်ပိုး ကူးစက် ပြန့်နှံ့စေမှုဖြင့် စွပ်စွဲအရေးယူခဲ့ကြောင်း နှင့် HIV ပိုးသည် AIDS ရောဂါကို ဖြစ်ပွားစေကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် Battambang ပြည်နယ် တရားရုံးက Yem Chrin ကို အလွန် ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှုအား ကျူးလွန်ခဲ့ကြောင်း နှင့် ၎င်းကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်ရန် ဆုံးဖြတ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။ထို့အပြင် ၎င်းအပေါ် တိုင်ကြားခဲ့သူ ၁၀၀ ကျော်အား တစ်ဉီးချင်းစီကို  နစ်နာကြေး အနေဖြင့် အမေရိကန် ဒေါ်လာ ၅၀၀ မှ ၃၀၀၀ အထိ ပေးဆောင်ရန်လည်း အမိန့်ချမှတ်ခဲ့သည်။ 

၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် အယူခံ တရားရုံးက Chrin အပေါ် ချမှတ်ထားသည့် Battambang ပြည်နယ် တရားရုံး၏ အမိန့်အား ထပ်မံ အတည်ပြုခဲ့ကြောင်း သိရသည်။ကမ္ဘောဒီးယား တရားရုံးချုပ်က အယူခံ တရားရုံး၏ ဆုံးဖြတ်ချက်အား မှန်ကန်ကြောင်း တွေ့ရှိခဲ့သဖြင့် ယင်းဆုံးဖြတ်ချက် အတိုင်း တရားရုံးချုပ်က အတည်ပြုကြောင်း တရားရုံးချုပ် တရားသူကြီး Nil Non က အောက်တိုဘာ ၄ ရက်တွင် ပြုလုပ်သော ကြားနာမှုတွင်  ပြောကြားခဲ့သည်။အဆိုပါ စီရင်ချက်ကို ကြားနာရာတွင် Chrin သည်လည်း တရားရုံးသို့ တက်ရောက် ကြားနာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်လက ပြုလုပ်သော ကြားနာမှု တစ်ခုတွင် Chrin က ၎င်းမှာ ကျေးလက်ဗိန္ဓော ဆရာ တစ်ဉီး အဖြစ် ဆေးကုသနေသည်မှာ နှစ် ၂၀ နီးပါး ရှိပြီ ဖြစ်ကြောင်း နှင့် ၎င်း၏ အမှားကို ဝန်ခံခဲ့ပြီး တရားရုံး အနေဖြင့် ၎င်း၏ ပြစ်ဒဏ်ကို ထောင်ဒဏ် ၁၀ နှစ်သို့ လျှော့ချပေးရန် သနားခံမှု လျှောက်လွှဲခဲ့ကြောင်း သိရသည်။

Chrin က ဆေးထိုးအပ် အသစ်များ ရရှိရန် ခက်ခဲသဖြင့် လူနာများစွာကို အသုံးပြုပြီးသား ဆေးထိုးအပ်များဖြင့် ပြန်လည် သုံးစွဲခဲ့မိကြောင်း တရားရုံး၌ ပြောကြားခဲ့သည်။Battambang ပြည်နယ် Roka ကျေးလက် ဒေသတွင် HIV ဖြစ်ပွားမှုမှာ ၂၀၁၄ ခုနှစ်မှ စတင် များပြားလာခဲ့ရာ ပိုးကူးစက် ခံရသူ ၂၉၀ ဉီး အထိ ရှိလာခဲ့ကြောင်း သိရသည်။ လက်ရှိ အခြေအနေတွင် ကမ္ဘောဒီးယား နိုင်ငံ၌ ခန့်မှန်းခြေ လူ ၇ သောင်း မှာ HIV/AIDS ရောဂါ ရှိနေကြောင်း နှင့် ၎င်းတို့အနက် ၆၀,၆၃၀ ဉီးမှာ ရောဂါကုသရန် ဆေးဝါးများ ရရှိကြောင်း နိုင်ငံ၏ AIDS ရောဂါ တိုက်ဖျက်ရေး အာဏာပိုင် အဖွဲ့ထံမှ သိရသည်။(Xinhua)