Connect with us

Asia

ရုရှားနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ အရေးပေါ်လိုင်း ပြုလုပ်ရန် တောင်ကိုရီးယားနိုင်ငံ တိုက်တွန်း

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်းနှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့ ရုရှားနိုင်ငံတွင် ၂၀၁၇ ခုနှစ်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဆိုးလ်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံက ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံလေတပ်ဖွဲ့ လေယာဉ်များပျံသန်းမှုဆိုင်ရာ သတင်းအချက်အလက် ဖလှယ်ရန် စစ်ဘက်ဆိုင်ရာ အရေးပေါ်လိုင်းတစ်ခု တည်ထောင်ရန် တွန်းအားပေးခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲ စစ်ဦးစီးချုပ် (JCS) ၏ ပြောကြားချက်အား ကိုးကား၍ အောက်တိုဘာ ၈ ရက် သတင်းများ၌ ဖော်ပြထားသည်။

လွှတ်တော်ဆိုင်ရာ စာရင်းစစ်အတွက် တင်သွင်းသော JCS ၏ အစီရင်ခံစာအရ နှစ်နိုင်ငံ လေကြောင်းတပ်ဖွဲ့များအကြား လေကြောင်းပျံသန်းမှု သတင်းအချက်အလက် ဖလှယ်ရေးအတွက် အရေးပေါ်လိုင်းတစ်ခုတည်ထောင်ရန် နားလည်မှုစာချွန်လွှာ (MoU)  လက်မှတ်ရေးထိုးနိုင်ရေး တောင်ကိုရီးယားက  ရုရှားအား တွန်းအားပေးလျက်ရှိကြောင်း သိရသည်။

တောင်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့သည် အရေးပေါ်လိုင်းတစ်ခု တည်ထောင်ရန် ဆွေးနွေးမှုများကို ၂၀၀၄ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် MoU နားလည်မှုစာချွန်လွှာဆိုင်ရာ ဆွေးနွေးမှုများ ပြီးဆုံးခဲ့ကြောင်း သိရသည်။ 

MoU လက်မှတ်ရေးထိုးမည့်အချိန်နှင့် ပုံစံတို့အတွက် နောက်ထပ်ဆွေးနွေးရန် တောင်ကိုရီးယားနှင့် ရုရှား ပူးတွဲစစ်ကော်မတီ အစည်းအဝေးအား အောက်တိုဘာလ ၂၂ ရက်တွင် ပြုလုပ်ရန် လျာထားကြောင်း သိရသည်။

ယင်းသို့ လုပ်ဆောင်ခြင်းသည် တောင်ကိုရီးယား လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့ မည်သို့သော မတော်တဆဝင်ရောက်မှုမျိုးကိုမဆို ကာကွယ်ရန် စစ်ရေးနှင့် သံတမန်နည်းလမ်းတို့ဖြင့် အားထုတ်မှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း JCS က ဆိုသည်။ (Xinhua)