Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံက Orelikon လေယာဉ်ပစ်အမြောက်စမ်းသပ်ပစ်ခတ်

ဘင်္ဂလားဒေ့ရှ်စစ်ဘက်တာဝန်ရှိသူများက လေယာဉ်ပစ် အမြောက်စမ်းသပ်ပစ်ခတ်သည့်နေရာ၌ ကြည့်ရှုစစ်ဆေးစဉ်(ဓာတ်ပုံ-အင်တာနက်)

ဒါကာ ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့တော်မှ အရှေ့တောင်ဘက် ၂၉၂ ကီလိုမီတာအကွာ ၊ ကော့ဘဇားခရိုင်(Cox’s) အတွင်းရှိ Nidania AD သေနတ်ပစ်ကွင်း၌ အောက်တိုဘာ၁၃ ရက်တွင် အော်လီကွန်(Oerlikon) လေယာဉ်ပစ်အမြောက် (လေကြောင်းရန်ကာကွယ်ရေးလက်နက်)ကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စမ်းသပ်ပစ်ခတ်မှုကို Adhoc 48 လေကြောင်းရန်ကာကွယ်ရေး အမြောက်တပ်ဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ် ပြည်တွင်း-ပြည်သူ့ဆက်ဆံရေး(ISPR) မှ ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်ကို ကိုးကား၍ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကြည်းတပ်ဉီးစီးချုပ် ဗိုလ်ချုပ်ကြီး Aziz Ahmed က လေ့ကျင့်ပစ်ခတ်မှုများကို အထူးဧည့်သည်တော်အဖြစ် ကြည့်ရှုစစ်ဆေးခဲ့ပြီး  အခြားထိပ်တန်းစစ်ဘက်ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး Aziz က ဘင်္ဂလားဒေ့ရှ်စစ်တပ်တွင် အော်လီကွန်လေယာဉ်ပစ်အမြောက်ကြီး(Oerlikon Rudder Control gun) ကဲ့သို့သော လေကြောင်းရန်ကာကွယ်ရေးလက်နက်ကြီးများ ပိုင်ဆိုင်ထားသည်ကို ကျေနပ်အားရမိကြောင်း ပြောကြားခဲ့သည်။

ဤကဲ့သို့ ခေတ်မီနည်းပညာမြင့် အခြေပြုလက်နက်ကြီးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစနစ် ကို တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း နှင့် လေပြင်ပိုင်နက်ကာကွယ်ရေးအတွက် အလွန်အရေးပါသည့်၎င်း၏စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ခဲ့ကြောင်း ISPR ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)