Connect with us

Australia / Oceania

ရွေးကောက်ပွဲအတွက် ကမ္ဘာ့ပထမဆုံး အွန်လိုင်း စကားစစ်ထိုးပွဲ ပြုလုပ်သွားရန် သြစတြေးလျ ဝန်ကြီးချုပ် စီစဉ်နေ

သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Malcolm Turnbull အားတွေ့ရစဉ် (ဆင်ဟွာ)

ကန်ဘာရာ ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

News Corp’s News သတင်းဌာန၏ စီစဉ်ပေးမှုဖြင့် ကမ္ဘာ့ပထမဆုံး နိုင်ငံ့ခေါင်းဆောင်များ၏ စကား စစ်ထိုးပွဲကို Facebook လူမှုကွန်ရက်ပေါ်ကတဆင့် ပြုလုပ်သွားရန် စီစဉ်နေကြောင်း သြစတြေးလျ နိုင်ငံ ဝန်ကြီးချုပ် Malcolm Turnbull က ဇွန်လ ၇ ရက်တွင် ထုတ်ဖော်ပြောကြား လိုက်သည်။

ကမ္ဘာတစ်ဝန်းလုံး ကြည့်ရှုနိုင်ပြီး သြစတြေးလျ ပြည်သူ သန်းပေါင်းများစွာ ပါဝင်ဆွေးနွေးခွင့် ရမည့် အဆိုပါ အွန်လိုင်း စကားစစ်ထိုးပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အတိုက်အခံပါတီ ခေါင်းဆောင်Bill Shorten အား သြစတြေးလျ ဝန်ကြီးချုပ်က စိန်ခေါ်လိုက်သည်။
စကားစစ်ထိုးပွဲကို သြစတြေးလျ နိုင်ငံသားများ အနေဖြင့် လက်တော့များ နှင့် စမတ်ဖုန်းများမှ တဆင့် ကြည့်ရှုနိုင်ပြီး သြစတြေးလျ နိုင်ငံစွန့်ဦးတီထွင်မှု ပထမခြေလှမ်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ Mr Shorten နဲ့အပြိုင်ကျဲဖို့သဘောတူထားပြီးပါပြီ ။ facebook နဲ့News.com.au ဟာ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ စကားစစ်ထိုးပွဲကို ပထမဆုံး လက်ခံပြုလုပ်ပေးတဲ့ အဖွဲ့အစည်းတွေ ဖြစ်လာပါမယ်” ဟု Turnbull က သတင်းဌာနများသို့ပြောကြားသည်။
“ ကောင်းကင် စကားစစ်ထိုးပွဲပေါ့။ ပုံမှန်အနေနဲ့သြစတြေးလျ ပြည်ထောင်စု ရွေးကောက်ပွဲအကြို စကားစစ်ထိုးပွဲ သုံးကြိမ်ရှိတယ်။ အဲဒီထဲက နောက်ဆုံး အကြိမ်ကို ပုံမှန် လုပ်ရိုးလုပ်စဉ် အတိုင်း မလုပ်တော့ဘဲနဲ့ အွန်လိုင်းစကား စစ်ထိုးပွဲအဖြစ် ပြောင်းလဲ ကျင့်သုံးသွားမှာပါ။ ဒါမှ သြစတြေးလျ ပြည်သူအားလုံးလဲ ပါဝင်ခွင့် ရနိုင်မယ်” ဟုဆိုသည်။
“ အခုက ၂ဝ၁၆ ခုနှစ်လေ။ ၂၁ ရာစုပေါ့။ ဒါဟာ တီထွင် စမ်းသစ်ရမယ့် အချိန်ပဲလေ။ ကျနော်တို့သက်တမ်းမှာ သြစတြေးလျ ပြည်သူတွေကိုယ်တိုင် ပါဝင်ခွင့်ရတဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး စကားစစ်ထိုးပွဲ ဖြစ်လာမယ် ” ဟု ၎င်းက ဆက်ပြောသည်။
သြစတြေးလျ ဝန်ကြီးချုပ်၏ ကမ်းလှမ်းမှုကို Shorten က လက်ခံပြီးခြင်း မရှိသေးသော်လည်း ၎င်းကို သဘောတူ လက်ခံမည့် အနေအထားရှိနေသည်။ အွန်လိုင်း စကားစစ်ထိုးပွဲ အတွက် ရက်သတ်မှတ်ထားခြင်း မရှိသေးသော်လည်း လာမည့် ရက်သတ္တပတ် အစောပိုင်းတွင် ကျင်းပရန် Turnbull က တွန်းအားပေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.