Connect with us

Australia / Oceania

သြစတြေးလျနိုင်ငံတွင် နှစ်ပေါင်း ၂ဝ အတွင်း အပူချိန် စံချိန်တင်အမြင့်ဆုံး အဆင့်သို့ရောက်ရှိ

သြစတြေးလျ ကမ်းခြေတွင် အပူဒဏ်သက်သာစေရန် ရေဆော့ကစားနေကြသူများအား တွေ့ရစဉ် ( ဆင်ဟွာ )

ကမ်ဘာရာ ၊ ဧပြီ ၂ ရက် ( ဆင်ဟွာ )

၂၀၁၆ ခုနှစ် မတ်လသည် သြစတြေးလျနိုင်ငံအတွက် နှစ်ပေါင်း ၂ဝအတွင်း အပူချိန် စံချိန်တင်အမြင့်ဆုံး အဆင့်သို့ရောက်ရှိခဲ့ကြောင်း ပြည်တွင်းမိုးလေဝသဗျူရို ( BoM ) ၏ လစဉ်ထုတ် မိုးလေဝသ မှတ်တမ်းများ အရ သိရသည်။

ဧပြီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် BoM မှတ်တမ်းတွင် ၂ဝ၁၆ ခုနှစ် မတ်လ အတွင်း သြစတြေးလျ နိုင်ငံ၏ ပျမ်းမျှအပူချိန်ထက် ၁.၇ ဒီဂရီဆဲလ်စီးယပ်စ် မြင့်တက်ခဲ့သည်ဟု ဖော်ပြထားသည်။ ၁၉၈၆ ခုနှစ်တွင် သြစတြေးလျနိုင်ငံ၌ အပူချိန်သည် ပျမ်းမျှအပူချိန်ထက် ၁.၆၇ ဒီဂရီဆဲလ်စီးယပ်စ် ဖြင့် စံချိန်တင်အပူဆုံး အဆင့်သို့ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၂ဝ ကြာသည် အထိ ယင်းမှာ အပူဆုံးစံချိန်အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။

ယခုနှစ်အတွင်း ပုံမှန်မဟုတ်သော အပူချိန်မြင့်တက်မှု ဒဏ်ကို နိုင်ငံမြောက်ပိုင်း နှင့် အပူပိုင်းဒေသများတွင် အဓိက ကြုံတွေ့ခံစားနေရကြောင်း သိရသည်။ အထူးသဖြင့် ၂ဝ၁၆ ခုနှစ် မတ်လ ၂ ရက်နေ့သည် သြစတြေးလျနိုင်ငံအတွက် အပူပြင်ဆုံးနေ့တစ်နေ့ဖြစ်ခဲ့ပြီး နိုင်ငံတစ်ဝန်းပျှမ်းမျှ အပူချိန်မှာ ၃၈ ဒီဂရီဆဲလ်စီးယပ်စ် ထိ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

ယင်းကဲ့သို့သြစတြေးလျနိုင်ငံတွင် အပူချိန် စံချိန်တင် မြင့်တက်နေခြင်းမှာ အယ်နီညို ရာသီဥတုကြောင့် ကြုံတွေ့ရတတ်သည့် ဖြစ်ရိုးဖြစ်စဉ် အခြေအနေတစ်ခု ဖြစ်သည်ဟု ဆိုသည်။ ယခုအခါ အယ်နီညိုရာသီဥတု သက်ရောက်မှု မှာ လျော့နည်းလာနေပြီဖြစ်သော်လည်း နိုင်ငံအတွင်းရှိ အပူချိန်မြင့်မားမှု အခြေအနေမှာ နောက်လ အနည်းငယ်အထိ ဆက်လက်တည်ရှိနေအုံးမည်ဟု ခန့်မှန်းထားကြသည်။
ထို့ပြင် သြစတြေးလျနိုင်ငံ၏ အပူချိန်ပုံမှန်မဟုတ်သော အနေအထားတစ်ရပ်သည် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း (Climate change ) နှင့်လည်း ဆက်စပ်မှုရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ( Xinhua )