Connect with us

Australia / Oceania

ဟေတီ အကျဉ်းထောင်တွင် ထောင်သား အနည်းဆုံး ၁၇၂ ဦး ထောင်ဖောက်

ထောင်တွင်း ပုန်ကန်မှု ဖြစ်ပွားခဲ့သည့် အကျဉ်းထောင် အတွင်းပိုင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်တို ဒိုမင်ဂို၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ဟေတီနိုင်ငံ အနောက်ပိုင်းရှိ အကျဉ်းထောင် တစ်ခု၌ အနည်းဆုံး အကျဉ်းသား ၁၇၂ ဦးက ထောင်ဖောက်မှု ဖြစ်ပွားခဲ့ရာ အပြန်အလှန် သေနတ်ပစ်ခတ်မှုအတွင်း လူ ၂ ဦး သေဆုံးခဲ့ကြောင်း အောက်တိုဘာလ ၂၃ ရက်က ဒေသခံ မီဒီယာက သတင်းဖော်ပြထားသည်။

အောက်တိုဘာလ ၂၂ ရက် နေ့လည်က ဟေတီနိုင်ငံ မြို့တော် Port-au-Prince ၏ အနောက်မြောက်ဘက် Arcahaie မြို့ရှိ အကျဉ်းထောင် တစ်ခု၌ ထောင်တွင်းပုန်ကန်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ထောင်တွင်း ပုန်ကန်မှုသူများက အစောင့်တွေကို ဓားစာခံလုပ်ပြီးတော့ ရောက်လာခဲ့တယ်၊ သူတို့ဆီက အနည်းဆုံး သေနတ် ငါးလက်နဲ့ အခြား လက်နက်တွေလဲ ဖမ်းမိခဲ့တယ်” ဟု ဟေတီ နေ့စဉ် သတင်းစာ Libre ၌ ဖော်ပြထားသည်။

အကျဉ်းသား ၂၆၆ ဦးအနက် ၁၇၂ ဦး လွတ်မြောက်သွားခဲ့ပြီး တစ်ဦးမှာ ထောင်နံရံ ကျော်တက်ရန် ကြိုးစားစဉ် သေဆုံးခဲ့သလို သေနတ် ပစ်ခတ်မှု၌ ရဲတစ်ဦး သေဆုံးခဲ့ကြောင်း ထောင်ပိုင် အကြီးအကဲ Heurtelou Paul Colson က နေ့စဉ် သတင်းစာသို့ ပြောသည်။

အခြား ရဲအရာရှိ နှစ်ဦးနှင့် အကျဉ်းသား နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထောင်တွင်း ပုန်ကန်မှု၏ နောက်ကွယ်၌ Yvener Carelus အမည်ရှိ အကျဉ်းကျ ပြန်ပေးသမားတစ်ဦးက လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ၎င်းနှင့်အတူ အခြား ကြံရာပါ အချို့နှင့်အတူ ထောင်တွင်းမှ လွတ်မြောက်အောင် စီစဉ်ထားခြင်း ဖြစ်ကြောင်း တရားရေး ဝန်ကြီး Camille Edouard Jr. က ပြောသည်။

Carelus သည် ၂၀၁၄ ခုနှစ်ကလည်း Croix-des-Bouquets အကျဉ်းထောင်၌ အလားတူ ဆူပူမှုမျိုး ပြုလုပ်ခဲ့ပြီး အကျဉ်းသား ၂၀၀ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

လွတ်မြောက်သွားသည့် အကျဉ်းသားများအား ပြန်လည် ဖမ်းဆီးရမိရေးအတွက် အထူးအဖွဲ့တစ်ရပ်အား ဖွဲ့စည်းခဲ့ပြီး ထောင် အဆောက်အအုံအနီးဝန်းကျင်ရှိ လမ်းများအား ပိတ်ထားကြောင်း ဟေတီ အမျိုးသား ရဲ အထူးတပ်ဖွဲ့က ကြေညာခဲ့သည်။

သို့သော်လည်း အကျဉ်းသားများသည် ထောင်ဝတ်စုံ ဝတ်ဆင်ထားခြင်း မရှိသည့်အတွက် ရှာဖွေရာ၌ အခက်အခဲ ဖြစ်နိုင်ကြောင်း နေ့စဉ် သတင်းစာက ဖြည့်စွက် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.