Connect with us

Australia / Oceania

၆ နှစ်သားအရွယ် သြစတြေးလျ ကလေးငယ်က ၎င်း၏ အမွေများကို ကျားထိန်းသိမ်းရေး အတွက် လှူဒါန်း

သြစတြေးလျ တိရစ္ဆာန်ရုံ အဝင်မုဒ်ဝအား တွေ့ရစဉ် (ဆင်ဟွာ)

ကန်ဘာရာ ၊ ဇွန် ၂ဝ ရက် (ဆင်ဟွာ)

သြစတြေးလျ နိုင်ငံမှ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ၎င်းအဖိုးထံမှ ရရှိသော အမွေဆိုင်ငွေများကို တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်တွင် အသုံးပြုရန် သြစတြေးလျ တိရစ္ဆာန်ရုံသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။

Audrey Joyce ဟု အမည်ရသည့် ကလေးငယ်၏ လှူဒါန်းသော ငွေပမာဏမှာ ဒေါ်လာထောင်ပေါင်းများစွာ ရှိနိုင်သော်လည်း ကိန်းဂဏန်းအတိအကျကို ထုတ်ပြန်ပြောဆိုခြင်း မရှိပါ။
အဆိုပါ ငွေကြေးလှူဒါန်းမှု အပြီးတွင် Joyce သည် ၎င်းတိရစ္ဆာန်ရုံထဲမှ အသက် ၁၁ ပတ်သားအရွယ် ကျားပေါက်ငယ် တစ်ကောင်ကို Reggie ဟု အမည်ပေးခွင့် ရခဲ့ကြောင်းသိရသည်။ မျိုးတုံးလုနီးပါး အန္တရာယ်ဖြင့် ရင်ဆိုင်နေရသော တိရစ္ဆာန်များကို ကာကွယ်ရန် ရည်ရွယ်ပြီး Joyce က ငွေကြေးလှူဒါန်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းလှူဒါန်းမှုကြောင့် သူသည် သြစတြေးလျနိုင်ငံ၏ အသက်အငယ်ဆုံး တောရိုင်းတိရစ္ဆာန် ကာကွယ် စောင့်ရှောက်သူတစ်ဦး ဖြစ်လာခဲ့သည်။
“ တောလိုက် မုဆိုးတွေဟာ တိရစ္ဆာန်တွေရဲ့မျက်နှာ ၊ အရေခွံနဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပိုက်ဆံရှာဖို့ အသုံးချကြတယ်” ဟု Joyce က သြစတြေးလျနိုင်ငံ AAP သတင်းဌာနသို့ပြောကြားသည်။ ထို့ပြင် ကျားထိန်းသိမ်းရေး လုပ်ငန်းစဉ် အတွက် ငွေကြေးလှူဒါန်းရခြင်းနှင့် ပတ်သက်ပြီး Joyce က “ ကျနော့်ကို မျောက်နှစ်မှာ မွေးလို့ပါ” ဟု ဖြေကြားခဲ့သည်။
Reggie ကျားပေါက်လေးသည် သြစတြေးလျ တိရစ္ဆာန်ရုံသို့ယခုနှစ်အတွင်း သုံးကောင်မြောက် ရောက်လာသော ဆူးမာတြား ကျားပေါက်တစ်ကောင် ဖြစ်ကြောင်းနှင့် ယခုအခါ စုစုပေါင်း ကျားပေါက် ၁၄ ကောင်ထိ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
သြစတြေးလျ တိရစ္ဆာန်ရုံ ကျားထိန်းသိမ်းရေး မန်နေဂျာ Geoff Neubecker က တိရစ္ဆာန်ရုံ အနေဖြင့် ကျားထိန်းသိမ်းရေး လုပ်ငန်းစဉ် အတွက် အမေရိကန်ဒေါ်လာ ၁.၅ သန်းအထိ လှူဒါန်းထားခဲ့ပြီး ဖြစ်ကြောင်း ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.