Connect with us

Australia / Oceania

Five Eyes ဆိုက်ဘာ တိုက်ခိုက်မှု လေ့ကျင်ခန်းမှာ နယူးဇီလန် စစ်တပ် ပါဝင်မည်

Five Eyes ဆိုက်ဘာ တိုက်ခိုက်မှု လေ့ကျင့်ခန်း ပြုလုပ်မည့် ၅ နိုင်ငံ အခြေပြပုံ အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝယ်လင်တန် ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

Five Eyes ဟု အမည်ပေးထားသည့် ထောက်လှမ်းရေး အချက်အလက် စုဆောင်းခြင်း ဆိုင်ရာ ဆိုက်ဘာ တိုက်ခိုက်မှု လေ့ကျင့်ခန်း အစီအစဉ်တွင် နယူးဇီလန ်စစ်တပ်က ပါဝင်မည် ဖြစ်ကြောင်း နယူးဇီလန် ကာကွယ်ရေးဌာန ( NZDF) က ဇွန်လ ၁၇ ရက်တွင် ထုတ်ဖော် ပြောကြားသည်။

အဆိုပါ ဆိုက်ဘာ တိုက်ခိုက်မှု လေ့ကျင့်ခန်း အစီအစဉ်တွင် Five Eyes နိုင်ငံများ ဖြစ်သည့် သြစတြေးလျ ၊ ကနေဒါ ၊ ဗြိတိန် ၊ အမေရိကန် ပြည်ထောင်စု နှင့် နယူးဇီလန် နိုင်ငံတို့မှ လူပေါင်း ၂,ဝဝဝ ကျော် ပါဝင်ကြမည် ဖြစ်ပြီး နယူးဇီလန် စစ်တပ်မှ ၁၆ ဦး ပါဝင်မည်ဟု သိရသည်။ အဆိုပါ ဆိုက်ဘာ တိုက်ခိုက်မှု လေ့ကျင့်ရေး အစီအစဉ်ကို ဇွန်လ ၁၇ ရက်မှ ၃ဝ ရက်အထိ အမေရိကန် နိုင်ငံတွင် ပြုလုပ်သွားမည် ဖြစ်သည်။
အမေရိကန်နိုင်ငံ ဗာဂျီးနီးယား ပြည်နယ် Suffolk မြို့အခြေစိုက် အမေရိကန် ကာကွယ်ရေး ဌာနက ဦးဆောင် လေ့ကျင့်ပေးမည့် Cyber Flag 16 လေ့ကျင့်ရေးခန်းတွင် ရန်သူ့ဆက်သွယ်ရေး ကွန်ရက်များ နှင့် မဟာမိတ် အချင်းချင်း သတင်း အချက်အလက် ဖလှယ်ရေးကွန်ရက် တည်ဆောက်မှု အစီအစဉ်များ ပါဝင်မည်ဟု နယူးဇီလန် ကာကွယ်ရေး ပူးတွဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ် Tim Gall ကဆိုသည်။
အဆိုပါအဖွဲ့သည် ဆိုက်ဘာ တိုက်ခိုက်မှုကို ပူးပေါင်း လုပ်ဆောင်ခြင်း ၊ အဖွဲ့သားများကို အချင်းချင်း အပြန်အလှန် ဆက်သွယ်နိုင်အောင် လေ့ကျင့်သင်ကြားခြင်း နှင့် ဆိုက်ဘာ ခုခံကာကွယ်ရေး စနစ်များကို လေ့ကျင့်သွားမည်ဟု Gall ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ ကျနော်တို့ရဲ့ကွန်ရက်ကို ကာကွယ်ဖို့တူညီတဲ့ လက်နက်တွေကို အသုံးပြုသွားမယ်။ တခြားနိုင်ငံတွေမှာ သူတို့ရဲ့ဆိုက်ဘာ လုံခြုံရေးအတွက် အဲဒီလက်နက်တွေကို ဘယ်လို အသုံးပြုနေကြလဲ ဆိုတာကို သင်ယူခွင့်ရတာဟာ သိပ်ကို အကျိုးရှိပါတယ် ” ဟုဆိုသည်။
ပြီးခဲ့သော မေလတွင် နယူးဇီလန် အစိုးရသည် ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ၎င်းတွင် နယူးဇီလန် စစ်တပ်အနေဖြင့် လာမည့် ၁၅ နှစ်အတွင်း ကာကွယ်ရေး အသုံးစရိတ် နယူးဇီလန် ဒေါ်လာ ၂ဝ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၁၄.ဝ၈ ဘီလီယံ) အသုံးပြုသွားမည်ဟု ဆိုထားသည်။ အဆိုပါ အသုံးစရိတ် ငွေကြေးသည် နယူးဇီလန်နိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက်စနစ် ကာကွယ်ရေး အဆင့်မြှင့်တင်ရန် နှင့် ဆိုက်ဘာ လုံခြုံရေး အရည်အသွေး တိုးမြင့်ရန် အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.