Connect with us

Eastern Europe

ဗင်နီဇွဲလားအပေါ် စစ်ရေးဖြင့် အရေးယူမှုအား ဆန့်ကျင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော

ရုရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဆာဂျီလာဗ့်ရုဗ် နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို တို့ လက်ဆွဲနှုတ်ဆက်စဉ်(ဆင်ဟွာ)

မော်စကို ၊ မေ ၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဆာဂျီလာဗ့်ရုဗ် (Sergei Lavrov) က မေ၆ ရက်က ဖင်လန်နိုင်ငံ Rovaniemi မြို့တော်၌ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မိုက်ပွန်ပီယို နှင့်တွေ့ဆုံစဉ် ဗင်နီဇွဲလားနိုင်ငံအကျပ်အတည်းအပေါ် စစ်ရေးနည်းလမ်းတစ်ခုဖြင့် အဖြေရှာခြင်းကို ရုရှားနိုင်ငံက ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

“ ဘယ်နေရာမျိုးမှာ မဆို နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး စစ်ရေးနည်းလမ်းတစ်ခုနဲ့အရေးယူတာကို ကျွန်တော်တို့လုံးဝ ဆန့်ကျင်ကန့်ကွက်ပါတယ်။ အင်အားသုံးဖို့အခွင့်အာဏာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီတစ်ခုထဲမှာပဲ ရှိပါတယ်။ ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကျူးကျော်လာတဲ့အချိန်မျိုးမှာ တုံ့ပြန်တာမျိုးပဲ စစ်ရေးနည်းကို အသုံးပြုနိုင်တာပါ” ဟု လာဗ့်ရုဗ်က သတင်းသမားများအားပြောကြားခဲ့သည်။

“ ဗင်နီဇွဲလားမှာ အဲဒါမျိုးနဲ့အလားတူတဲ့ ဘယ်ကိစ္စမှ မရှိပါဘူး။ အမေရိကန် ၊ ဥရောပ နဲ့လက်တင်အမေရိက နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ ကျွန်တော်ဆက်သွယ်ဆွေးနွေးတဲ့အခါမှာ စစ်ရေးအားဖြင့် အဖြေရှာမယ့် ဗရမ်းဗတာ နည်းလမ်းတစ်ခုကို ထောက်ခံကြတဲ့အကြောင်း မတွေ့မိပါဘူး” ဟု ၎င်း၏ပြောကြားချက်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

လာဗ့်ရုဗ်က ၎င်းအနေဖြင့် ယခုကိစ္စရပ်အပေါ် အမေရိကန်သံတမန်များအပါအဝင် သက်ဆိုင်ရာအားလုံးက နားလည်မှုရှိမည်ဟု မျှော်လင့်ကြောင်း ၊ စစ်ရေးနည်းလမ်းဖြင့် လုပ်ဆောင်မည့် မူဝါဒတစ်ခုသည် “ ကပ်ဘေးဆိုးကြီး” အဖြစ်သာ အလှည့်အပြောင်းဖြစ်သွားလိမ့်မည်ဖြစ်ကြောင်း ဆိုသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ အဆိုအရ သမ္မတပူတင် နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့သည် အခါအခွင့်သင့်ချိန်တစ်ခုတွင် တွေ့ဆုံဆွေးနွေးရေးလုပ်ဆောင်ရန် သဘောတူညီခဲ့ကြောင်း ဆိုသည်။

၎င်း နှင့် မိုက်ပွန်ပီယို တို့၏ ဆွေးနွေးပွဲနှင့်ပတ်သက်၍ လာဗ့်ရုဗ်က “ အရမ်းကောင်းပါတယ်။ အပြုသဘောဆောင်ပါတယ်” ဟု ဆိုသည်။

လာဗ့်ရုဗ်က ၎င်း နှင့် ပွန်ပီယို တို့သည် နိုင်ငံတကာဆက်ဆံရေးများတွင် စိုးရိမ်ပူပန်စရာကိစ္စရပ်များ နှင့် လတ်တလော ကုလသမဂ္ဂတွင် ဆွေးနွေးနေသည့် အရေးကိစ္စရပ်များအပါအဝင် မဟာဗျူဟာမြောက်တည်ငြိမ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းပြောကြားခဲ့သည်။(Xinhua)