Connect with us

Eastern Europe

အီရန်၏အကြီးဆုံးရေနံဓာတုလုပ်ငန်းအား ပိတ်ဆို့မည်ဟု အမေရိကန် ကြေညာ

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အဆောက်အဦအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဇွန် ၉ ရက်(ဆင်ဟွာ)

အီရန်၏အကြီးဆုံးရေနံဓာတုလုပ်ငန်းဖြစ်သည့် ပါရှန်းပင်လယ်ကွေ့ ရေနံဓာတု စက်မှုကုမ္ပဏီ (PGPIC)နှင့် ၎င်းကုမ္ပဏီခွဲများ ၊ ပြည်ပ အရောင်းကွန်ရက်များ အားလုံးကို ပိတ်ဆို့မည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန် ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပါရှန်းပင်လယ်ကွေ့ ရေနံဓာတု စက်မှုကုမ္ပဏီ (PGPIC)သည် အီရန်အစ္စလာမ္မစ်တော်လှန်ရေး တပ်ဖွဲ့(IRGC)၏ လုပ်ငန်းအချို့ကို ငွေကြေးထောက်ပံ့မှုများပြုလုပ်နေခြင်းကြောင့် ယခုလို ပိတ်ဆို့ရခြင်းဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အမေရိကန်နိုင်ငံအတွင်းရှိ ပိတ်ဆို့ခံထားရသည့် ကုမ္ပဏီလုပ်ငန်းများ၏ပိုင်ဆိုင်မှုများကို ပိတ်ပင်ထား ပြီး အမေရိကန်နိုင်ငံသားများအနေဖြင့် ၎င်းကုမ္ပဏီလုပ်ငန်းများနှင့် စီးပွားရေး လုပ်ခွင့်မပြုဟု ကြေညာချက်အရ သိရသည်။

အမေရိကန်အနေဖြင့် အီရန်အစ္စလာမ္မစ်တော်လှန်ရေး တပ်ဖွဲ့(IRGC)ကို ဘဏ္ဍာရေးအရ အထောက်အပံ့ပြုနေသည့် ကုမ္ပဏီလုပ်ငန်းများကို ဆက်လက်ပိတ်ဆို့သွားမည်ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင် နူချင်း( Steven Mnuchin )က ကြေညာချက်တွင် ဖော်ပြထားသည်။ယင်းနေ့တွင်ပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo)က ယခုကဲ့သို့ ဆောင်ရွက်ခြင်းမှာ အီရန်အပေါ် အစွန်းဆုံးပိတ်ဆို့မှုများကို တိုးချဲ့ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆိုသည်။ အမေရိကန်အနေဖြင့် ကြိုတင်တောင်းဆိုချက်မရှိဘဲ အီရန်နှင့်တွေ့ဆုံဆွေးနွေးသွားလိုကြောင်း ၊သို့သော် အီရန်အပေါ်ထားရှိသည့် ဖိအားများကို အလျှော့မပေးဘဲထားရှိမည်ဖြစ်ကြောင်း မိုက်ပွမ်ပီယို (Mike Pompeo)က ဇွန် ၂ ရက်က ဆွစ်ဇာလန်တွင် ပြောကြားခဲ့သည်။ ၎င်းအပေါ် အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သည် စကားလုံးအလှတန်ဆာဆင်ဂိမ်းကစားခြင်းသာဖြစ်ကြောင်း ၊ အီရန်အနေဖြင့်တွေ့ဆုံရန် မသင့်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ပြီးခဲ့သောနှစ် မေလတွင် အမေရိကန်သည် အီရန်နျူကလီးယားသဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုများ ဆက်တိုက်ဆောင်ရွက်ခဲ့သည်။ ယခုကာလများတွင် အမေရိကန်က အီရန်အစ္စလာမ္မစ်တော်လှန်ရေး တပ်ဖွဲ့(IRGC)ကို အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ခြင်း ၊ ရေနံတင်သွင်းမှုပိတ်ဆို့ခြင်းကို ထပ်မံဆိုင်းငံ့ခွင့်မပေးခြင်း ၊သတ္တုထုတ်ကုန်လုပ်ငန်း များကို ပိတ်ဆို့ခြင်းနှင့် အရှေ့အလယ်ပိုင်းဒေသများကို စစ်အင်အားထပ်ဖြည့်ခြင်းများအပါအဝင် ဖိအားသစ်များ အီရန်ကို ထပ်တိုးပေးနေကြောင်း သိရသည်။(Xinhua)