Connect with us

Eastern Europe

ISအကြမ်းဖက်များ အာဖဂန်သို့ ရွှေ့ပြောင်းနေသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆို

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ယခင်က IS အကြမ်းဖက်များ တိုက်ခိုက်ခဲ့သည့် နေရာတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

အစွန်းရောက်အဖွဲ့ IS အကြမ်းဖက်များ အာဖဂန်နစ္စတန်သို့ ရွှေ့ပြောင်းနေသည်ဟု ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sergey Shoyguက ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)အဖွဲ့ဝင်နိုင်ငံများ၏ ၁၆ ကြိမ်မြောက် ကာကွယ်ရေးဝန်ကြီး များ အစည်းအဝေးကို ဧပြီ ၂၉ ရက် ကာဂျစ္စတန်နိုင်ငံ မြို့တော် ဘီရှကက်တွင် ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sergey Shoyguက IS လက်နက်ကိုင် များ ဖရိုဖရဲပြိုကွဲပြီးနောက်ပိုင်း ၎င်းတို့က ဆီးရီးယား၊အီရတ်မှတစ်ဆင့် အလယ်အာရှ ၊ အရှေ့တောင် အာရှအပါအဝင် အခြားဒေသများကို ရွှေ့ပြောင်းလျက်ရှိကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုးပွားလာနေပြီး အစွန်းရောက်ဝါဒနှင့်ခွဲထွက်ရေးဝါဒတို့၏လှုပ်ရှားမှုမှာ ပွားများလာနေပြီဖြစ်ရာ အကြမ်းဖက် အဖွဲ့ အစည်းအနေဖြင့် တည်ရှိနေကြောင်း၊ အာဖဂန် နယ်နိမိတ်အတွင်း အခြေအနေ အရှုပ်ထွေးဆုံး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သည် အာဖဂန်နယ်နိမိတ်အတွင်းတွင် နှစ်ပေါင်းများစွာ ရှိနေခြင်းသည် လက်ရှိပြဿနာကို ဖြေရှင်းရန် တွန်းအားပေးမှုမရှိကြောင်း ၊ ISများက အာဖဂန်နယ်နိမိတ်အတွင်းတွင် အင်အားကြီးထွား အောင် လုပ်ဆောင်နေပြီး ၎င်းနိုင်ငံမှတစ်ဆင့် ဒေသများကို ပြန့်နှံအောင်လုပ်ဆောင်နေကြောင်း ၊ ထိုကိစ္စအပေါ် ရုရှားအနေဖြင့် အထူး စိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။

အာဖဂန်နယ်နိမိတ်မှ အကြမ်းဖက်အန္တရာယ်ကို ဘက်ပေါင်းစုံက အတူ ရင်ဆိုင်သင့်ကြောင်း ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့်သယ်ယူပို့ဆောင်မှုကို တိုက်ဖျက်ကာ ၎င်းနိုင်ငံ၏ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့် စီးပွားရေးတည်ဆောက်မှုကို တွန်းအားပေးသင့်ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေး ဝန်ကြီး Sergey Shoyguက တိုက်တွန်းနှိုးဆော်ထားသည်။(Xinhua)