Connect with us

Europe

ကိုရီးယားကျွန်းဆွယ် စစ်ရေးပဋိပက္ခများအပေါ် “ ကြီးမားသော ကပ်ဘေးဆိုက်မည်” ဟု ရုရှားပြော

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

ကိုရီးယားကျွန်းဆွယ်၌ စစ်မက်ဖြစ်ပွားရန် အလွန်နီးကပ်လာကြောင်း နှင့် အကယ်၍ အဆိုပါ လမ်းကြောင်းအတိုင်း အခြေအနေမှာ ဆက်လက်ဖြစ်ပွားနေလျင် “ အမှန်တကယ် ကြီးမားသော ကပ်ဘေးဆိုက်မည်” ဟု ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အမျိုးသမီး Maria Zakharova က သြဂုတ်လ ၁၃ ရက်တွင် ပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံသည် လက်နက်ကိုင်ပဋိပက္ခ၏ အကျိုးဆက်များကို သိနားလည်းခြင်းမရှိကြောင်း Zakharova ၏ ပြောကြားချက်ကို ကိုးကား၍ TASS သတင်းဌာနက သတင်းဖော်ပြခဲ့သည်။“ အမေရိကန်အစိုးရ နဲ့အမေရိကန် ကွန်ဂရက်အမတ်တွေဟာ အမေရိကန်နိုင်ငံထဲမှာ ကိုယ့်ပြည်သူတွေ အသတ်မသေဖို့လုပ်ဆောင်နေပေမယ့် အခြားနိုင်ငံတွေမှာတော့ အဲဒီလို မဟုတ်ပါဘူး။ အဲဒါကို မြောက်ကိုရီးယားနိုင်ငံမှာ လုပ်ဆောင်နေရုံသာမက တောင်ကိုရီးယားနိုင်ငံမှာလည်း လုပ်နေတယ်လို့ကျွန်မ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Sergei Lavrov က သြဂုတ်လ ၁၁ ရက်တွင် ပြောကြားရာ၌ အမေရိကန်နိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတစ်ခုသည် အမြင့်ဆုံးအဆင့်သို့ရောက်ရှိနေကြောင်း နှင့် ရုရှားနိုင်ငံအနေဖြင့် အမြင်ကျယ်ကျယ်ဖြင့် ဖြေရှင်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ယခုရက်သတ္တပတ်အစောပိုင်းက ပြုံယမ်း နှင့် ဝါရှင်တန်အကြား စစ်ရေးခြိမ်းခြောက်မှုစကားလုံးများကို အပြန်အလှန်အသုံးပြုခဲ့ပြီးနောက် ရုရှားနိုင်ငံ၏ သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။အမေရိကန်နိုင်ငံပိုင် ဂူအမ်ကျွန်းအား သြဂုတ် လလယ်ပိုင်းတွင် တာလတ်ပစ် ဒုံးကျည်ဖြင့် တိုက်ခိုက်သွားရန် စီစဉ်နေကြောင်း မြောက်ကိုရီးယားနိုင်ငံက သြဂုတ်လ ၁၀ ရက်တွင် ခြိမ်းခြောက် ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က “ စစ်ရေးနည်းဖြင့် ဖြေရှင်းမှုများပြုလုပ်သွားရန် ယခုအခါအားလုံး အသင့်အနေထားဖြစ်နေပြီ” ဟု ၎င်း၏တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်တွင် သြဂုတ်လ၁၁ရက်က ရေးသားခဲ့သည်။(Xinhua)