Connect with us

Europe

စစ်တပ်အာဏာသိမ်းမှု ကျဆုံးပြီးနောက် တူရကီသမ္မတ က အရေးပေါ်အခြေအနေ သုံးလ ကြေညာ

တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdogan အားတွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ဇူလိုင်လ ၁၅ ရက်တွင် ဖြစ်ပွားခဲ့သည့် စစ်တပ်အာဏာသိမ်းမှု ကျဆုံးပြီးနောက် ဇူလိုင်လ ၂၀ ရက်၌ တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdogan က နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေ သုံးလ ကြေညာခဲ့သည်။

Erdogan က အမျိုးသား လုံခြုံရေး အစည်းအဝေး၌ အခြေခံ ဥပဒေပါ ပုဒ်မ ၁၂၀ အရ အရေးပေါ် အခြေအနေ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့သို့ တင်ပြရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အစိုးရအဖွဲ့က အရေးပေါ် အခြေအနေ သုံးလ ထုတ်ပြန်ရန် သတ်မှတ်ခဲ့ကြောင်း ၎င်း သဘာပတိ အဖြစ် ဦးစီးပြုလုပ်သည့် အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
၎င်းက ထိုသို့ ထုတ်ပြန်ခြင်းသည် ဒီမိုကရေစီစနစ်၊ တရားဥပဒေနှင့် လွတ်လပ်မှုတို့ကို ဆန့်ကျင်ခြင်း မဟုတ်ဘဲ ယင်းတို့၏ တန်ဖိုးပိုမို မြင့်တက်လာစေရန် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အရေးပေါ်အခြေအနေ ကြေညာရခြင်းသည် တူရကီနိုင်ငံသားတို့၏ အခွင့်အရေးနှင့် လွတ်လပ်မှု၊ ဒီမိုကရေစီ နှင့် နိုင်ငံတော်၏ တရားဥပဒေ တို့ကို ထိပါးလာခြင်းများ ပျောက်ကွယ်သွားရန် အထိရောက်ဆုံးနှင့် အလျင်မြန်ဆုံး လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း Erdogan က ပြောကြားခဲ့သည်။
သမ္မတက နိုင်ငံသားများ အနေဖြင့် စိုးရမ်ကြောင့်ကြရန် မလိုကြောင်း လိုအပ်သည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေ ကြေညာချက်အား လွှတ်တော်၌ အတည်ပြုပြီးနောက် စတင် အသက်ဝင်လာမည် ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၁၅ ရက်တွင်ဖြစ်ပွားခဲ့သော စစ်တပ်အာဏာသိမ်းမှုသည် နောက်တစ်နေ့၌ ကျဆုံးခဲ့ရပြီး အာဏာသိမ်းစစ်သား အယောက် ၁၀၀ အပါအဝင် အနည်းဆုံး လူ ၂၉၀ သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.