Connect with us

Europe

စပိန်နိုင်ငံတောင်ပိုင်းတွင် ဓါတ်ငွေ့ပေါက်ကွဲမှု ကြောင့် ဒဏ်ရာရရှိသူ ၉၀ဦးရှိလာ

ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် Velez-Malaga မြို့ရှိ ကော်ဖီဆိုင်အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မက်ဒရစ်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံတောင်ပိုင်း Velez-Malaga မြို့ရှိ ကော်ဖီဆိုင်တစ်ခုတွင် အောက်တိုဘာ ၁ရက် ညက ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူ ဦးရေသည် စုစုပေါင်း ၉၀ဦး အထိရှိလာကြောင်း အတည်ပြုခဲ့ပြီး ငါးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

စပိန်ရုပ်သံလိုင်း RTVE က ဒဏ်ရာပြင်းထန်သည့် လူ၅ဦးအား Velez-Malaga မြို့ နှင့် Malaga မြို့ရှိ ဆေးရုံများသို့ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများသည် အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဒဏ်ရာရရှိသူ ၅၇ဦးအား Comarcal de la Axarquia ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကာ ကျန်ရှိနေသည့် ပွန်းပဲ့ဒဏ်ရာအနည်းငယ်သာရရှိခဲ့သူများအား ဒေသခံဆေးကုသမှုစင်တာများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုသည် Velez-Malaga မြို့ရှိ ကော်ဖီဆိုင်၏ မီးဖိုချောင် အတွင်းရှိ ဓါတ်ငွေ့အိုးယိုစိမ့်ရာမှ ဒေသစံတော်ချိန် ၁၈း၄၅နာရီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုအချိန်၌ ဒေသရိုးရာပွဲတစ်ခုဖြစ်သည့် Fiesta de San Miguel ပွဲကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။

စားဖိုမှူးတစ်ဦးတစ်ယောက်ကသာ ဓါတ်ငွေ့ယိုစိမ့်နေကြောင်း သတိပေးခဲ့မည်ဆိုပါက ဒဏ်ရာရရှိမှု အရေအတွက် နည်းပါးသွားနိုင်သော်လည်း သတိပေးခဲ့ခြင်းမရှိ၍ အပျက်အစီးဆုံးရှုံးမှုများပြားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ကော်ဖီဆိုင်၌ ဒေသခံရဲတပ်ဖွဲ့ဝင် နှစ်ဦးရှိနေ၍ အရေးပေါ်ဝန်ဆောင်မှုများ ချက်ချင်းရောက်ရှိလာပြီး နောက်ထပ် ပေါက်ကွဲမှု မဖြစ်ပွားစေရန် မီးသတ်ကားများက ဓါတ်ငွေ့အိုးများအား မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ယင်းဒေသမြို့တော်ဝန် Antonio Moreno က အရေးပေါ်ဝန်ဆောင်မှုများအား ၎င်းတို့၏ ဆောလျင်စွာ အကူအညီပေးမှုအတွက်လည်းကောင်း၊ ဒဏ်ရာရရှိများအား ဝိုင်းဝန်း ကူညီပေးကြသည့် ဒေသခံများကို လည်းကောင်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.