Connect with us

Europe

နော်ဝေနိုင်ငံ အနောက်ပိုင်းတွင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ၁၃ ဦးသေဆုံး

နော်ဝေနိုင်ငံ အနောက်ပိုင်းရှိ Turoy ကျွန်းတွင် ရဟတ်ယာဉ်ပျက်ကျခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နော်ဝေ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

နော်ဝေနိုင်ငံ အနောက်ပိုင်း ကမ်းရိုးတန်း အလွန်တွင် ဧပြီလ ၂၉ ရက်က လူ ၁၃ ဦး လိုက်ပါလာသည့် ရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့ ပြီးနောက် ရုပ်အလောင်း ၁၁လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေး ဝန်ထမ်းများ ကပြောကြားခဲ့သည်။

နော်ဝေနိုင်ငံသား ၁၁ ဦး၊ ဗြိတိန်နိုင်ငံသား ၁ ဦး နှင့် အီတလီနိုင်ငံသား ၁ ဦး လိုက်ပါလာသည့် Super Puma ရဟတ်ယာဉ် သည် နိုင်ငံပိုင် ရေနံနှင့် ဓါတ်ငွေ့ ကုမ္ပဏီ Statoil က မြောက်ပင်လယ်တွင် လုပ်ဆောင်နေသည့် ရေနံလုပ်ကွက် Gullfaks B မှ Bergen ပင်လယ်ဆိပ်ကမ်းသို့ ပျံသန်းနေစဉ် Turoy ကျွန်းနားတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း နော်ဝေနိုင်ငံ တောင်ပိုင်း ပူးတွဲကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက်မှု စင်တာ (JRCC) ကပြောကြားခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းအား JRCC မှ ဦးဆောင် ၍ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် JRCC က ရှာဖွေရေးလုပ်ငန်းများကို ပျောက်ဆုံးနေသူ နှစ်ဦးအတွက် ဆက်လက်ဆောင်ရွက် နေသော်လည်း အသက်ရှင်ကျန်ရစ်သည့် လက္ခဏာများ မတွေ့ရကြောင်း ပြောကြားခဲ့သည်။

ပျက်ကျမှုကြောင့် ရဟတ်ယာဉ် သည် လုံးဝပျက်စီးသွားပြီး အချို့အစိတ်အပိုင်းများသည် မြေပြင်ပေါ်၌ လည်းကောင်း၊ ရေထဲ၌ လည်းကောင်း ပြန့်ကျဲလျက်ရှိကြောင်း JRCC ပြောရေးဆိုခွင့်ရှိသူ က အစောပိုင်းတွင် ပြောကြားခဲ့သည်။

မျက်မြင်တွေ့မြင်ခဲ့သူများ၏ ပြောကြားချက်အရ ရဟတ်ယာဉ်သည် မြေပြင်နှင့် ထိမိချိန်တွင် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဒလက် လေးလက်နှင့် အင်ဂျင် နှစ်လုံးပါ Super Puma ရဟတ်ယာဉ် အား မြောက်ပင်လယ်ရှိ ရေနံတူးဖော်ရေး လုပ်ငန်းများသို့ လူနှင့် စက်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် ကျယ်ပြန့်စွာ အသုံးပြုကြကြောင်း သိရသည်။ (Xinhua)