Connect with us

Europe

ယူကေရှိ ကိန်းဘရစ်ချ် ဆေးရုံတွင် ပျားကောင်ရေ ၆၀,၀၀၀ ခန့်ရှိသော ပျားအုံကြီး တွေ့ရှိ

အဆောက်အအုံတစ်ခုတွင် ပျားအုံစွဲနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း ကိန်းဘရစ်မြို့ရှိ ဆေးရုံတစ်ရုံ၏ ဒိုင်းနေရာတွင် စက်တင်ဘာလ ၂၂ ရက်က ပျားကောင်ရေ ၆၀,၀၀၀ ခန့်ရှိသော ပျားအုံကြီးတစ်အုံအား တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆောက်အအုံ၏အုတ်ကြားများမှ ပျားရည်များ စီးကျနေသဖြင့် ပျားအုံကို ဖယ်ရှားပေးရန် ပျားထိန်းသိမ်းရေး ကျွမ်းကျင်သူများအား ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

Lancashire ပြည်နယ် Ormskirk ရှိ Tree Bee အဖွဲ့က အဆိုပါပျားများအား ဖယ်ရှားပေးခဲ့သည်။

ထိုပျားများကို ဆေးရုံ၏ Beechcroft အဆောက်အအုံတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်း အဆောက်အအုံသည် လက်ရှိတွင် လူနာများမရှိဘဲ ဝန်ထမ်းများထားရှိရာ အဆောက်အအုံတစ်ခု ဖြစ်သည်။

“ဒီလောက်ကြီးတဲ့ ပျားအုံကြီးနဲ့ နီးနီးကပ်ကပ်အလုပ်လုပ်နေရတယ်ဆိုတာ သိလိုက်ရတော့ ဝန်ထမ်းတွေအတွက် တော်တော်အံ့အားသင့်စရာပဲ” ဟု Tree Bee ဒါရိုက်တာ Abigail Reade က ပြောကြားခဲ့သည်။

“ပျားအုံကြီးက ပျားကောင်ရေ ၅၀,၀၀၀ နဲ့ ၆၀,၀၀၀ ကြားရှိတဲ့ အရွယ်အစားပဲလို့ ကျွန်တော်တို့ ခန့်မှန်းရတယ်။ အဲဒီပျားတွေက Lancashire မှာရှိတဲ့ ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှိနေကြမှာပါ” ဟု Reade က ဆိုသည်။ (Xinhua)