Connect with us

Europe

ရုရှား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကြောင့် စစ်ရေးလေ့ကျင့်မှုအစီအစဉ်များ ပြောင်းလဲမည်မဟုတ်ဟု နေတိုးအဖွဲ့ကဆို

နေတိုးတပ်ဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg အား အောက်တိုဘာ ၃၀ ရက် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

ထရိုဒိမ်း ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)

ရုရှားက နော်ဝေး အနောက်ဘက်ရှိ နိုင်ငံတကာ ပင်လယ်ရေပိုင်နက်တွင် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု များ ယခုရက်သတ္တပတ်အတွင်း ပြုလုပ်သွားမည်ဟု အကြောင်းကြားထားကြောင်း၊ သို့သော် နေတိုး အနေဖြင့် နော်ဝေးနှင့်၎င်းအနီးတဝိုက်တွင်ကျင်းပမည့် Trident Juncture 2018 ပူးတွဲ စစ်ရေးလေ့ကျင့်မှု အစီအစဉ်များကို ပြောင်းလဲမည်မဟုတ်ကြောင်း နေတိုးတပ်ဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားအနေဖြင့် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို ကျွမ်းကျင်စွာပြုလုပ်နိုင်မည်ဟုမျှော်လင့်ကြောင်း ၊ နေတိုးအနေဖြင့်လည်း အနီးကပ် စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Jens Stoltenberg က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဆက်လက်၍ Stoltenbergက ရုရှား၏ ရေတပ်အင်အားသည် ၎င်းဒေသတွင် အခိုင်အမာရှိကြောင်း ၊ နော်ဝေးကမ်းရိုးတန်းပြင်ပ ပင်လယ်ရေပြင်တွင် ရေတပ်လေ့ကျင့်ရေးများ မကြာခဏလုပ်ဆောင်လေ့ ရှိကြောင်း ၊ ယခုပြုလုပ်မည့် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုမှာ နိုင်ငံတကာ ပင်လယ်ပိုင်နက်အတွင်းတွင် ပြုလုပ်မည်ဖြစ်ပြီး ပုံမှန်လုပ်ထုံးလုပ်နည်းအရ နေတိုးကို အသိပေးအကြောင်းကြားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားလေကြောင်းအာဏာပိုင်များက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ရက်နေ့ အထိ ပြုလုပ်သွားမည်ဟု နော်ဝေးအရပ်ဖက်လေဆိပ် အော်ပရေတာများကို အကြောင်းကြား ထားပြီ ဖြစ်ကြောင်း နော်ဝေးမီဒီယာများမှတစ်ဆင့် သိရသည်။

နေတိုးတပ်ဖွဲ့၏ Trident Juncture 2018 ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ၎င်းမှာ စစ်အေးကာလအပြီး နေတိုး၏အကြီးဆုံး ပူးတွဲစစ်ရေး လေ့ကျင့်မှုဖြစ်သည်။ မြောက်ဥရောပတွင် ပြုလုပ်သည့် နေတိုး၏ယခုအကြိမ်စစ်ရေးလေ့ကျင့်မှုသည် ရုရှားဆန့်ကျင်ရေးသဘောဆောင်နေသောကြောင့် ၎င်းဒေသ၏ စစ်ရေးနှင့် နိုင်ငံရေးအခြေအနေ များကို ဆိုးဝါးစေနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ၏ အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.