Connect with us

Europe

အမေရိကန်နိုင်ငံ ဟူစတန်မြို့၌ အဆောက်အဦပြိုကျမှုဖြစ်ပွား ၊ သုံးဦး သေဆုံး တစ်ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ ဟူစတန်မြို့၌ အောက်တိုဘာ ၅ ရက်က ပြိုကျသွားသော အဆောက်အဦ အပျက်အစီး အစိတ်အပိုင်းများ အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟူစတန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဟူစတန်မြို့၌ အောက်တိုဘာ ၅ ရက်တွင် အဆောက်အဦ လှေကားခွင်တစ်ခု ပြိုကျမှု ဖြစ်ပွားရာ အနည်းဆုံး လူသုံးဦး သေဆုံးပြီး အခြား တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

ဒေသတွင်း မီဒီယာ၏ ဖော်ပြချက်အရ ယင်း ဆောက်လုပ်ရေး လုပ်ငန်းခွင် အဆောက်အဦ ပြိုကျမှုသည် ဟူစတန်မြို့အနောက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဟူစတန်မြို့ မီးသတ်တပ်ဖွဲ့(HFD) ၏ ထုတ်ပြန်ချက်အရ အဆိုပါ ပြိုကျမှုသည် အဆောက်အဦ၏ ၁၃ ထပ် နှင့် ၁၄ ထပ် လှေကားခွင်မှ စတင်ခဲ့ပြီး လှေကားခွင်တစ်ခုလုံးသည် မြေညီထပ်အထိ ပြိုဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။

အဆောက်အဦပြိုကျမှုအတွင်း လူသေဆုံးမှုရှိသည်ကို မီးသတ်တပ်ဖွဲ့က အတည်ပြုခဲ့ပြီး ဒဏ်ရာရသူတစ်ဦးကို နီးစပ်ရာဆေးရုံတစ်ခုသို့ပို့ဆောင်ပေးထားကြောင်း နှင့် ၎င်း၏ အခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

မီးသတ်တပ်ဖွဲ့(HFD) လက်ထောက်အကြီးအကဲ Ruy Lozano က ပြိုကျမှုဖြစ်ပွားချိန်တွင် ယင်းအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းခွင်၌ အလုပ်သမား ၂၄၀ ဦးရှိနေကြောင်း ဆိုသည်။
မီးသတ်တပ်ဖွဲ့ဝင်များနှင့် အင်ဂျင်နီယာများသည် အချင်းဖြစ်နေရာသို့ ရောက်ရှိလာခဲ့ကြောင်း သတင်းကဆို သည်။ Lozano က ၎င်းတို့အတွက် အတွင်းပိုင်းထိ တူးဖော်ရှာဖွေရန် အဆောက်အဦ၏ အနေအထားမှာ တည်ငြိမ်မှုမရှိကြောင်း နှင့် အင်ဂျင်နီယာများက သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းကို ပြန်လည်ယူထုတ်နိုင်ရန် ဘေးကင်းလုံခြုံစွာ လုပ်ဆောင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။(Xinhua)