Connect with us

Europe

အယ်လ်ဘေးနီးယား ငလျင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ပြီးဆုံး ၊ သေဆုံးသူ ၅၁ ဉီး ရှိဟုဆို

အယ်လ်ဘေးနီးယားနိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် အပျက်အစီးပုံအားတွေ့ရစဉ်(ဆင်ဟွာ)

တီရန်နာ ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

အယ်လ်ဘေးနီးယားနိုင်ငံ၌ နိုဝင်ဘာ ၂၆ ရက်တွင် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် အသက်ရှင်ကျန်ရစ်သူများအား ကယ်ဆယ်ရေး နှင့် ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းကို နိုဝင်ဘာ ၃၀ ရက်တွင် အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း နှင့် စုစုပေါင်း သေဆုံးသူ ၅၁ ဉီးရှိကြောင်း ဝန်ကြီးချုပ် Edi Rama က ဆိုသည်။

နိုဝင်ဘာ ၃၀ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးချုပ်က “ နိုင်ငံရပ်ခြားမှလာရောက်ကူညီပေးခဲ့တဲ့ ကယ်ဆယ်ရေးသမားတွေကို ကျေးဇူးတင်ပါတယ်။ သူတို့မပါဘဲနဲ့ အပျက်အစီးပုံအောက်မှာ ပိတ်မိနေတဲ့ ကျနော်တို့နိုင်ငံသားတွေကို ရှာဖွေကယ်ထုတ်နိုင်မှာမဟုတ်ပါဘူး၊ သူတို့လာပေးတဲ့အတွက် ကျနော်တို့ နိုင်ငံသား ကယ်ဆယ်ရေးသမားတွေရဲ့ အခန်းကဏ္ဍ ဟာ အရေးမပါဘူးလို့  မဆိုလိုပါဘူး။ အားလုံးလိုအပ်ပါတယ် ” ဟု ပြောကြားခဲ့သည်။

 

အယ်လ်ဘေးနီးယားနိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် အပျက်အစီးပုံအားတွေ့ရစဉ်(ဆင်ဟွာ)

အစိုးရအဖွဲ့အစည်းအဝေးအတွင်း ငလျင်နှင့်ပတ်သက်၍ အဆောက်အဉီပိုင်းကြံ့ခိုင်မှုဆိုင်ရာ ဉပဒေကြမ်းတစ်ခုကို ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။တစ်ချိန်တည်းမှာပင် အယ်လ်ဘေးနီးယားနိုင်ငံ ကျန်းမာရေး နှင့် လူမှုဘဝကာကွယ်ရေးဝန်ကြီးဌာန က ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် လူပေါင်း ၉၁၃ ဉီးကို ဆေးရုံများတွင် ဆေးကုသမှုပေးထားကြောင်း ဆိုသည်။

အယ်လ်ဘေးနီးယားနိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် အပျက်အစီးပုံအားတွေ့ရစဉ်(ဆင်ဟွာ)

တီရန်နာဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသော ဒဏ်ရာအပြင်းအထန်ရရှိထားသည့် အသက် ၂၀ နှစ်အရွယ်အမျိုးသမီးတစ်ဉီးသည် နိုဝင်ဘာ  ၃၀ ရက်တွင် သေဆုံးခဲ့ပြီးနောက် ငလျင်ကြောင့် စုစုပေါင်း သေဆုံးသူ ၅၁ ဉီးထိရှိလာကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အယ်လ်ဘေးနီးယား ၊ အီတလီ ၊ ဂရိ ၊ မွန်တီနီဂရို ၊ ဉရောပသမဂ္ဂ နှင့် အမေရိကန်ပြည်ထောင်စု တို့မှ  တပ်ဖွဲ့ဝင် ၂၅၀ ကျော်သည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို သုံးရက်ကြာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်သည် နိုဝင်ဘာ ၂၆ ရက်ဒေသစံတော်ချိန် ညနေ ၃ နာရီ ၅၅ မိနစ်တွင် လှုပ်ခတ်ခဲ့ကြောင်း ၊ ငလျင်ကြောင့် Lala မိသားစုဝင် ၈ ဉီးသေဆုံးခဲ့ပြီး ၎င်းတို့၏ အသုဘအခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်တွင် ပြုလုပ်ခဲ့ကြောင်း နှင့် အသက် ၁၇ နှစ်အရွယ် ယောက်ျားလေး Rame lala တစ်ဉီးသာ အသက်ရှင်ကျန်ရစ်ကြောင်း သိရသည်။အဆိုပါ Lala မိသားစု အသုဘအခမ်းအနားကို အယ်လ်ဘေးနီးယားသမ္မတ Ilir Meta တက်ရောက်ခဲ့ပြီး “ ငလျင်ကြောင့် အသက်သေဆုံးသွားရတဲ့ Lala မိသားစုအတွက် ဖြေသိမ့်စရာစကားလုံးမရှိတော့ပါဘူး” ဟူ၍ ဝမ်းနည်းစကားပြောကြားခဲ့သည်။(Xinhua)