Connect with us

International Organizations

ယီမင် နှင့် အာဖရိကနိုင်ငံများအား ကုလသမဂ္ဂအရေးပေါ်ရန်ပုံငွေ ဒေါ်လာသန်း ၅ဝ ထောက်ပံ့မည်

ကင်ညာနိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ယီမင် နှင့် အာဖရိကနိုင်ငံအပါအဝင် အကူအညီလိုအပ်နေသည့် နယ်မြေ ၆ ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၅ဝ ကို ထောက်ပံ့သွားရန် ကုလသမဂ္ဂအရေးပေါ်ရန်ပုံငွေအဖွဲ့မှတာဝန်ရှိသူ Stephen O’Brien က သြဂုတ်လ ၁၆ ရက်တွင် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦးက သြဂုတ် ၁၇ ရက်တွင် ပြောကြားသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံး လက်အောက်ရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့မှ O’Brien သည် သေရေးရှင်ရေးသမျှ အကူအညီလိုအပ်နေသည့် လူ ၂ သန်း၏ အသက်ကို ကယ်ဆယ်နိုင်ရန် ကုလသမဂ္ဂ အရေးပေါ်တုံ့ပြန်ရေးရန်ပုံငွေ မှ ထောက်ပံ့ငွေများကို အသုံးပြုခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဒုတိယပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က သတင်းသမားများအားပြောကြားခဲ့သည်။

၎င်းထောက်ပံ့ငွေများအနက် အမေရိကန်ဒေါ်လာ ၃၅ သန်းကို လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်နေခြင်း ၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရခြင်း ၊ ငတ်မွတ်ခေါင်းပါးခြင်း နှင့် ကူးစက်ရောဂါများဖြစ်ပွားနေသည့် အာဖရိက အလယ်ပိုင်း သို့လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအဖြစ် ပေးအပ်သွားမည်ဖြစ်သည်။

“ အဲဒီထောက်ပံ့ငွေတွေကို အာဖရိကတိုက်အလယ်ပိုင်းက ကွန်ဂို ၊ ချဒ် နဲ့ အာဖရိကအလယ်ပိုင်းနိုင်ငံတွေမှာ အရေးပေါ်လိုအပ်နေတဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ ၊ အစားအစာ နဲ့ အရေးပေါ်ရွက်ဖျင်တဲတွေ ထောက်ပံ့သွားဖို့ပါ ။ ပြီးတော့ အမျိုးသမီးတွေကိုအကာအကွယ်ပေးဖို့၊ ရေ နဲ့မိလ္လာ စနစ်တွေ ကူညီသွားဖို့လည်း ပါဝင်ပါတယ်” ဟု Haq ကပြောသည်။

ကျန်ရှိငွေထဲမှ အမေရိကန်ဒေါ်လာ ၁၃ သန်းကို ယီမင်နိုင်ငံ၌ အတိဒုက္ခကြုံတွေ့နေရသည့် ခန့်မှန်းခြေ လူပေါင်း ၂၁.၂ သန်း အား ထောက်ပံ့ကူညီသွားရန်ဖြစ်ပြီး အခြားအမေရိကန်ဒေါ်လာ ၂ သန်းကိုမူ အီရစ်ထရီးယား(Eritrea) နိုင်ငံသို့လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်သွားရန်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.